အလုပ်သမားသပိတ် ခေါင်းဆောင်နှစ်ဦးကို ထောင်ဒဏ်တွေ ချမှတ်


2015.09.11

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက အခြေခံလုပ်ခလစာ တိုးပေးဖို့ဆန္ဒပြခဲ့တဲ့ ရွှေပြည်သာမြို့နယ်က အလုပ်သမားခေါင်းဆောင် ကိုမျိုးမင်းမင်းနဲ့ ကိုနိုင်ဌေးလွင်တို့ကို တောင်ဥက္ကလာပမြို့နယ် တရားရုံးက နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ တရားမဝင်စီတန်း လှည့်လည်မှု၊ ခွင့်ပြုချက်မပေးတဲ့နေရာမှာ ဆန္ဒပြမှု စတဲ့ ပုဒ်မ ၃ ခုနဲ့ ဒီနေ့ ထောင်ဒဏ် ၂ နှစ်ကျော်စီ အမိန့်ချလိုက်ပါတယ်။

အီလန်မြန်မာအထည်ချုပ်စက်ရုံက အလုပ်သမားခေါင်းဆောင် ကိုမျိုးမင်းမင်းက ထောင်ဒဏ် ၂ နှစ်နဲ့ ၆ လ၊ Ford Glory အထည်ချုပ်စက်ရုံက အလုပ်သမားခေါင်းဆောင် ကိုနိုင်ဌေးလွင်က ထောင်ဒဏ် ၂ နှစ်နဲ့ ၂ လ ကျခံဖို့ အမိန့်ချလိုက်တယ်လို့ သူတို့အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ အထက်တန်းရှေ့နေ ဦးယဉ်အောင်က ပြော ပါတယ်။

"ကိုမျိုးမင်းမင်းနဲ့ ကိုနိုင်ဌေးလွင်ကို ၅ဝ၅(ခ)နဲ့ ၂ နှစ်စီ ချပါတယ်ခင်ဗျ၊ ချပြီးတော့ ပုဒ်မ ၁၈ နဲ့ ကိုမျိုးမင်းမင်း အပေါ်မှာ နောက်ထပ် ၄ လ ထပ်ချပါတယ်ခင်ဗျ၊ နောက်ပုဒ်မ ၁၉ နဲ့ ကိုမျိုးမင်းမင်းနဲ့ ကိုနိုင်ဌေးလွင်ကို ၂ လစီ ထပ်ချပါတယ်ခင်ဗျ၊ ချုပ်ရက်တွေကိုတော့ ထုတ်နှုတ်ခံစားစေဆိုတာတေ့ အမိန့်ပါပါတယ်"

တရားသူကြီးက ဒီနေ့ အမိန့်ချရာမှာ ချုပ်ရက်တွေထည့်သွင်းခံစားဖို့ ဆုံးဖြတ်လိုက်တာကြောင့် အင်းစိန်ထောင်မှာ ဖမ်းဆီးခံထားရတာ ၇ လနီးပါးရှိနေပြီဖြစ်တဲ့ ကိုမျိုးမင်းမင်းဟာ ထောင်ထဲမှာ ၂ နှစ်နီးပါးနေရမှာဖြစ်ပြီး ကိုနိုင်ဌေးလွင်ကတော့ ၁ နှစ်ခွဲကျော် အကျဉ်းကျခံရမှာ ဖြစ်ပါတယ်။ သူတို့နှစ်ဦးအတွက် ခရိုင်တရားရုံးမှာ အယူခံတင်သွားမယ်လို့ ရှေ့နေ ဦးယဉ်အောင်က ပြောပါတယ်။

ဟန်ဂျင်း၊ အီလန်မြန်မာ၊ Ford Glory နဲ့ Costec အထည်ချုပ်စက်ရုံတွေက အလုပ်သမားတစ်ထောင်ကျော်ဟာ လုပ်ခလစာ တိုးပေးဖို့အတွက် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက အီလန်မြန်မာစက်ရုံရှေ့မှာ သပိတ်စခန်းဖွင့်ပြီး ဆန္ဒပြခဲ့တာဖြစ်ပါတယ်။

အဲ့ဒီဆန္ဒပြမှုကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ဖမ်းဆီးခံထားရတဲ့ အလုပ်သမားအရေး ကူညီသူ ၃ ဦး အင်းစိန်အကျဉ်းထောင်ထဲမှာ ကျန်ရှိနေသလို တရားမဝင်စီတန်းလှည့်လည်မှု၊ ရုန်းရင်းဆန်ခတ်ဖြစ်စေမှုတို့နဲ့ တရားရင်ဆိုင်နေရတဲ့ အလုပ်သမား ၁၃ ဦး ရှိတယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။