ကျွန်းလှမြို့နယ်၊ အုန်းရှစ်ကုန်းရွာသား နှစ်ယောက် ပစ်သတ်ခံရ

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ အုန်းရှစ်ကုန်းရွာကို နိုဝင်ဘာ ၂၀ ရက် မနေ့က စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀၀ ခန့်က ဝင်ရောက်လာပြီး ရွာသားနှစ်ယောက် သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တူမီးသေနတ်တွေ့လို့ဆိုပြီး သေနတ်နဲ့ ပစ်သတ်သွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျွန်းလှမြို့ခံ တစ်ယောက်က ပြောပါတယ်။
"မနေ့က စစ်သားတွေ ရွာဘက်လာတယ်ဆိုတာကြားတာနဲ့ အမျိုးသား၊ အမျိုးသမီးတွေ ရှောင်ကြတယ်။ အဲဒီမှာ အမျိုးသား ငါးယောက်က ပိတ်မိနေခဲ့တယ်။ စစ်သားတွေကလည်း ရွာလမ်းအတိုင်း ဝင်တာ မဟုတ်ဘဲ တောလမ်းတွေကနေ ဝင်လာကြတာ၊ သုံးယောက်က ထွက်ပြေးနိုင်ခဲ့ပြီးတော့ နှစ်ယောက်က စစ်သားတွေဖမ်းတာ ခံလိုက်ရတယ်။ သူတို့နဲ့ တူမီးတွေ့တယ်ဆိုပြီး ရွာအပြင်က လျှော်ဖြူခင်းမှာ လက်ပြန်ကြိုး တုတ်ပြီး ပစ်သတ်သွားတာ၊ စစ်သားတွေ မရှိတော့ဘူးဆိုပြီး ရွာကို ဒီကနေ့ပြန်လာကြတော့ လိုက်ရှာတော့ အလောင်းတွေ တွေ့ရတာ"
သေဆုံးသွားသူတွေအနီးမှာ ကျည်ဆန်အခွံ စုစုပေါင်း သုံးဆယ်လောက် တွေ့ခဲ့ရတယ်လို့လည်း ဆိုပါတယ်။
သေဆုံးသွားသူတွေဖြစ်တဲ့ ဦးအောင်လွင် အသက် (၄၈) နှစ်နဲ့ ကိုဆံနီ အသက် (၃၂ ) တို့ဟာ လက်လုပ် လက်စားသမားတွေဖြစ်လို့ ကျန်ရစ်ခဲ့တဲ့ မိသားစုတွေ အခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီသတင်းနဲ့ပတ်သက်ပြီး RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်း ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။
စစ်ကောင်စီတပ်သားတွေဟာ ဒေသခံ ကာကွယ်ရေးတပ်သား PDF တွေကို ရှင်းလင်းဖို့ စစ်ကြောင်းထိုး တယ်ဆိုကာ တောနယ်ဒေသအနှံ့ရောက်ရှိနေပြီး နေအိမ်တွေကိုဖျက်ဆီးတာ၊ တန်ဖိုးရှိတဲ့ပစ္စည်းတွေ ယူဆောင်သွားတာတွေ လုပ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။