ဂန့်ဂေါမြို့နယ်က နှမ်းခါးရွာ စစ်ရဟတ်ယာဉ် နှစ်စီးနဲ့ ပစ်ခတ်ခံရ
မကွေးတိုင်း ဂန့်ဂေါမြို့နယ် နှမ်းခါးရွာကို ဒီဇင်ဘာ ၁၇ ရက် ဒီနေ့မွန်လွဲ ၂ နာရီခွဲဝန်းကျင်လောက်မှာ စစ်ကောင်စီတပ်က စစ်ရဟတ်ယာဉ်နှစ်စီးနဲ့ လာရောက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နှမ်းခါးရွာသားတစ်ဦးကတော့ ဒီပစ်ခတ်မှုဟာ အချိန်နာရီဝက်ကျော်ခန့် ကြာမြင့်ခဲ့တယ်လို့ ပြောပါတယ်။
“အတွဲလိုက် ပစ်တာဗျ။ ပစ်တာ နာရီဝက် မိနစ်လေးဆယ်လောက်ကြာတယ်ဗျ။ ဗုံးသီးတွေနဲ့လည်း ပစ်တယ်ဗျ။ အခုတော့ ရွာလုံးကျွတ် ထွက်ပြေးနေရတယ်“
ဒီပစ်ခတ်မှုကြောင့် ဒေသခံကျေးရွာသားတွေဟာ ကစဉ့်ကလျားထွက်ပြေးနေကြရတယ်လို့လည်း နောက်ထပ်ကျေးရွာသား တစ်ဦးက ပြောပါတယ်။
"ရွာက အခြေအနေဆိုးတယ် ဟတ်စကီး နှစ်စီး ဝဲပြီး ပစ်နေတော့တာ။ အကုန်းလုံး ကစဉ့်ကလျား ပြေးနေရတယ်"
နှမ်းခါးကျေးရွာ စာသင်ကျောင်းထဲမှာ လူငယ်တွေ အစည်းအဝေးလုပ်နေချိန်မှာပဲ စစ်ရဟတ်ယာဉ်ပေါ်ကနေ စက်သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတာလို့လည်း ပြောပါတယ်။
နောက်ထပ်ကျေးရွာသားတစ်ဦးကတော့ အဲဒီရွာထဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ ရှိနေတယ်ဆိုပြီး ရွာထဲကို ပစ်ခတ်တာဖြစ်နိုင်တယ်လို့ ပြောပါတယ်။ ဒီပစ်ခတ်မှုကြောင့် ရွာသားတွေ ထိခိုက်မှု ရှိ၊ မရှိ ကို မသိရသေးပါဘူး။
ဒီပစ်ခတ်မှုနဲ့ ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပေမယ့် အကြောင်းမပြန်သေးပါဘူး။
ဒီနေ့ နေ့လယ်က စစ်ရဟတ်ယာဉ်နှစ်စီးကနေ ရွာတွေဘက်ကို ပစ်ခတ်ချိန် နောက်ထပ်ရဟတ်ယာဉ် တစ်စီးကတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို နှစ်နေရာခွဲပြီး ချပေးခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
နှမ်းခါးကျေးရွာဟာ အိမ်ထောင်စု ၉၅၀ ဝန်းကျင်ရှိတဲ့ ရွာကြီးဖြစ်ပြီး ဒီနေ့ ပစ်ခတ်မှုကြောင့် ရွာလုံးကျွတ် ထွက်ပြေးနေကြရတယ်လို့လည်း ပြောပါတယ်။
ထွက်ပြေးနေရတဲ့ ရွာသားတစ်ဦးကို RFA က ဒီနေ့ညနေ ၄ နာရီခွဲခန့်က ဆက်သွယ်မေးမြန်းခဲ့ရာမှာ ရွာထဲမှာ ပိတ်မိနေတဲ့ သက်ကြီးရွယ်အိုတွေ ရှိနေသလို ရဟတ်ယာဉ်သံတွေနဲ့ စက်သေနတ်သံတွေကိုပါ ကြားနေရဆဲ ဖြစ်တယ်လို့ ပြောပါတယ်။
နှမ်းခါးကျေးရွာဟာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက နှစ်ကြိမ်တိုင်မီးရှို့ခံခဲ့ရတဲ့ ကျေးရွာလည်းဖြစ်ပါတယ်။