ဖရူဆိုနဲ့ ဒီးမော့ဆိုမြို့နယ်ကြား တိုက်ပွဲဖြစ်၊ PDF နှစ်ဦး သေဆုံး

2021.09.14
ဖရူဆိုနဲ့ ဒီးမော့ဆိုမြို့နယ်ကြား တိုက်ပွဲဖြစ်၊ PDF နှစ်ဦး သေဆုံး ကယားပြည်နယ် ကဒါးလာကျေးရွာတိုက်ပွဲမှာ ၂၀၂၁ စက်တင်ဘာ ၁၄ ရက်နေ့က သေဆုံးသွားတဲ့ PDF တပ်ဖွဲ့ဝင် ကိုပီတာနဲ့ ကိုအောင်နိုင် တို့ကို တွေ့ရစဥ်
Photo: CJ
ကယားပြည်နယ် ဖရူဆိုမြို့နယ်နဲ့ ဒီးမော့ဆိုမြို့နယ်အကြားက ကဒါးလာကျေးရွာမှာ စက်တင်ဘာလ ၁၄ ရက် ဒီနေ့မနက် ၅ နာရီကနေ ၉ နာရီအချိန် စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွား ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်က နှစ်ဦး သေဆုံးတယ်လို့ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်က သတင်းထုတ်ပြန်ပါတယ်။
 
ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) နဲ့ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေး တပ် (PDF) တပ်တို့ ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း သုံးဦးထက်မနည်းသေဆုံးတယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
 
ပြည်သူ့ကာကွယ်ရေးတပ်ဘက်က သေဆုံးသွားသူတွေဟာ အသက် ၁၉ နှစ်အရွယ် မောင်ဆီမိုးနယ် (ခ) အောင်နိုင်နဲ့ အသက် ၃၀ ဝန်းကျင်အရွယ် ကျောင်းဆရာ ကိုပီတာ တို့ဖြစ်ပြီး သူတို့ နှစ်ဦးစလုံးကို ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်က သူရဲကောင်းအဖြစ် မှတ်တမ်းတင်တယ်လို့လည်း ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေး တပ်က ဆိုပါတယ်။
 
“မနက်အစောကတည်းက တိုက်ပွဲဖြစ်နေတာ၊ စစ်ကောင်စီဘက်ကလည်း ၁၀၂ တပ်ကနေ လက်နက်ကြီး တွေနဲ့ ထုတယ်၊ PDF ဘက်က နှစ်ဦး သေဆုံးပြီး စစ်ကောင်စီဘက်ကလည်း သေတယ်ကြားတယ်၊ အနီး အနားရွာတွေက ဒေသခံတွေလည်း ကြောက်လန့်ပြီး ထွက်ပြေးကြတာပေါ့” လို့ လုံခြုံရေးအရ အမည် မဖော်လိုတဲ့ ဒီးမော့ဆိုမြို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
 
အလားတူ စက်တင်ဘာလ ၁၃ ရက် မနေ့ည ၆ နာရီကျော်ကနေ ၁၁ နာရီခန့်အထိ လွိုင်ကော်မြို့မှာ စစ်ကောင်စီတပ်သားတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ခဲ့ပြီး အသက် ၅၀ ဝန်းကျင် အမျိုးသား တစ်ဦး လက်နက်ကြီးကျည် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံက ဆိုပါတယ်။
 
ဒီကနေ့ ထိတွေ့တိုက်ပွဲမှာ စစ်ကောင်စီဘက်က သုံးဦးထက်မနည်း သေဆုံးတယ် ဆိုတဲ့အပေါ် စစ်ကောင်စီရဲ့ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း ကို RFA က တယ်လီဖုန်းနဲ့ ခေါ်ဆိုခဲ့ပေမယ့် ဆက်သွယ်လို့မရပါဘူး။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။