စစ်ကောင်စီက လမ်းကြုံစီးလာတဲ့ကားကို TNLA ပစ်လို့ အရပ်သားနှစ်ဦး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်မှာ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အတင်းအဓမ္မလမ်းကြုံစီးလာတဲ့ကားကို တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA က ပစ်ခတ်ခဲ့ရာမှာ ဒေသခံနှစ်ဦး သေဆုံးသွားခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က မေလ ၉ ရက်နေ့ ဒီနေ့သတင်းထုတ်ပြန်ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ကနေ မူဆယ်ကိုမောင်းနှင်လာတဲ့ ရှမ်းလူငယ်နှစ်ဦးရဲ့ကားကို စစ်ကောင်စီတပ်မ ၉၉ တပ်ဖွဲ့ဝင် ၁၅ ဦးက မေလ ၄ ရက်နေ့ ညနေ ၅ နာရီခန့်မှာ မူဆယ်မြို့နယ်၊ နမ့်ပေါ်တံတားမှာ တားဆီးပြီး သူတို့ကိုသယ်ဆောင်ပေးဖို့ အဓမ္မစေခိုင်းခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ညနေ ၅နာရီ ၂၀ မိနစ်ဝန်းကျင်မှာ မူဆယ်မြို့နယ်၊ နားမွန်းကျေးရွာအုပ်စု၊ မော်တောင်းရွာအနီးရောက်ရှိချိန်မှာ တောင်ကုန်းပေါ်မှာနေရာယူထားသော TNLA တပ်ဖွဲ့က ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
ရှမ်းလူငယ်နှစ်ဦးဖြစ်တဲ့ စိုင်းစံလှရဲ့ ရင်ဘတ်နဲ့ခြေထောက်တွေမှာ လက်နက်ထိမှန်ခဲ့သလို စိုင်းစံဟန်ကတော့ ဦးခေါင်းနဲ့ဝမ်းဗိုက်တွေမှာ လက်နက်ထိမှန်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
သေဆုံးသူနှစ်ဦးဟာ ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာနေထိုင်တဲ့သူတွေဖြစ်ပြီး အသက် ၃၂ အရွယ် စိုင်းစံလှက မြန်မာနိုင်ငံလုံးဆိုင်ရာရှမ်းလူငယ်ကွန်ယက်(TYN) ဦးဆောင်ကော်မတီဝင်ဖြစ်သလို ရှမ်းပြည်ညီညွှတ်ရေးကော်မတီ CSSUရဲ့အတွင်းရေးမှူး အဖွဲ့ဝင်လည်း ဖြစ်ပါတယ်။
အသက် ၂၂ နှစ်အရွယ် စိုင်းဆိုင်ဟန်က လူမှုရေးလုပ်ငန်းတွေဆောင်ရွက်သူဖြစ်ပါတယ်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ မူဆယ်မြို့နယ်၊ မော်တောင်းရွာအနီးမှာ သူတို့တပ်ဖွဲ့ဝင် တွေနဲ့TNLA ကြား တိုက်ပွဲဖြစ်ခဲ့တာရှိပြီး သူတို့တပ်ဖွဲ့က ကျဆုံးထိခိုက်မှုတွေရှိခဲ့တယ်လို့ အခုလ ၅ ရက်နေ့က RFA ကို ပြောထားပါတယ်။ အရပ်သားကားတွေကို အတင်းအဓမ္မလိုက်စီးတယ်ဆိုတာကတော့ မဟုတ်မှန်ဘူးလို့ ငြင်းဆိုထားပါတယ်။
အခင်းဖြစ်တဲ့နေရာက အလောင်းတွေကိုသယ်ဖို့ စစ်ကောင်စီကတားမြစ်ခဲ့လို့ အဲ့ဒီနေ့ညပိုင်းရောက်မှ အလောင်းတွေကိုသယ်ဆောင်နိုင်ခဲ့ပြီး မေလ ၅ ရက်နေ့မှာ မူဆယ်မြို့နယ်၊ စယ်အူကျေးရွာမှာ မီးသဂြိုဟ်ခဲ့တယ်လို့သိရပါတယ်။
ရှမ်းလူငယ်နှစ်ဦးသေဆုံးမှုအတွက် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်SNLD၊ ရှမ်းလူငယ်ကွန်ရက်နဲ့ ရှမ်းပြည်ညီညွှတ်ရေးကော်မတီတို့ကလည်း ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာ ဝမ်းနည်းကြောင်းသဝဏ်လွှာထုတ်ပြန်ခဲ့ ကြပါတယ်။