တကသ ကျောင်း သားခေါင်းဆောင်နှစ်ဦးကို ပထမဆုံးအကြိမ် ရုံးထုတ်
2015.07.15

လွှတ်တော်ထဲက တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း နှုတ်ထွက် ပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့ကြတဲ့ တကသ ကျောင်းသားခေါင်းဆောင် ကိုဇေယျာလွင်နဲ့ ကိုပိုင်ရဲသူတို့ကို ပန်းဘဲတန်းနဲ့ ကျောက်တံတားမြို့နယ် တရား ရုံးတွေမှာ ဒီနေ့ ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ပါတယ်။
အမှုတွဲထဲမှာပါဝင်တဲ့ ကိုနန်းလင်းကို ဖမ်းမမိသေးတာမို့ ဒီနေ့ စစ်ဆေးခြင်း မရှိသေးဘူးလို့ သူတို့နှစ်ဦးကို ရှေ့နေ အဖြစ် ဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးကျော်ဟိုးက ပြောပါတယ်။
"ဒီနေ့ကတော့ ရုံးချိန်းတာပဲရှိတယ်၊ ဘာလို့လည်းဆိုတော့ တရားခံပြေးပါတယ်၊ တရားခံပြေးပါတော့ သူတို့ကအရင်ဆုံးစစ်မှာကိုး၊ ပြီးတော့ပြတ်သွားတော့မှ အမှုကို ဆက်စစ်မယ်၊ အာမခံကိစ္စနဲ့ ပတ်သက်လို့ ကျနော်က ကိုဇေယျာလွင်ကို မေးကြည့် တော့သူတို့က စဉ်းစားဦးမယ်လို့ ပြောတယ်၊ အာမခံမလျှောက်သေး ဘူး၊ ၂၄ ရက်နေ့ ပြန်ချိန်းတယ်၊ အမှုမှာ ၃ ယောက်လေ၊ ကိုနန်းလင်းလည်း ရောက်မလာဘူး၊ အဲ့ဒါကြောင့်မစစ်တာ"
ပြီးခဲ့တဲ့ ဇွန်လ ၃ဝ ရက်နေ့တုန်းက လွှတ်တော်ထဲက တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း နှုတ် ထွက်ပေးရေးအတွက် ကျောင်းသားတွေ ဟာ ရန်ကုန်မြို့ သိမ်ကြီးဈေးကနေ မြို့တော်ခန်းမရှေ့အထိ လမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။
အဲဒီဆန္ဒပြပွဲမှာ ဦးဆောင်ခဲ့တဲ့ ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူနဲ့ ကိုနန်းလင်းတို့ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)၊ ပုဒ်မ ၁၈ တရားမဝင် စီတန်း လှည့်လှည်မှုဆိုင်ရာတို့နဲ့ တရားစွဲဆိုခံထားရတာဖြစ်ပြီး နောက်ထပ် ကျောင်း သား၂ ဦးကိုလည်း ပုဒ်မ ၁၈ နဲ့ အမှုဖွင့်ထားပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်နေ့က ရတနာပုံတက္ကသိုလ်မှာ အမျိုးသားပညာရေး ဥပဒေကို ဆန္ဒပြခဲ့ကြတဲ့ ရတနာပုံ တက္ကသိုလ်ကျောင်းသားတွေဖြစ်ကြတဲ့ ကိုနိုင်ရဲဝေ၊ ကိုအောင်ဆန်းဦး၊ ကိုဂျစ်တူးနဲ့ ကိုဉာဏ်လင်းထက်တို့ကိုလည်း ပုဒ်မ ၅၀၅(ခ) နိုင်ငံတော်အကြည်ညိုပျက်စေမှု အပါအဝင် ပုဒ်မ ၁၄၃၊ ၁၄၇တို့နဲ့ အမရပူရမြို့နယ် တရားရုံးမှာ ဒီနေ့ ပထမဆုံး အကြိမ် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။