ကိုဇေယျာလွင်နဲ့ ကိုပိုင်ရဲသူ မိသားစုထောင်ဝင်စာတွေ့ခွင့် ပိတ်ပင်ခံရ


2015.07.17
students-constitution-620.jpg ၂ဝဝ၈ ဖွဲ့စည်းပုံ ပြင်ဆင်ပေးရေးနဲ့ လွှတ်တော်ထဲက တပ်မတော်သား ၂၅ ရာခိုင်နှုန်း နှုတ်ထွက်ပေးဖို့ ဟောပြောနေတဲ့ တကသအဖွဲ့ဝင် ကိုပိုင်ရဲသူနဲ့ ကိုဇေယျာလွင်ကို ဇွန်လ ၃ဝ ရက်နေ့က ရန်ကုန်မြို့ သိမ်ကြီးဈေးရှေ့မှာ တွေ့ရစဉ်
Photo: Aung Thain Kha/RFA

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ကန့်ကွက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေကို လွှတ်တော်ကနေ နှုတ်ထွက်ပေးဖို့ ဆန္ဒပြတာကြောင့် အင်းစိန်အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရ တဲ့ ကျောင်းသား ကိုဇေယျာလွင်နဲ့ ကိုပိုင်ရဲသူတို့ကို ထောင်ဝင်စာတွေ့ခွင့် ပိတ်ထားတယ်လို့ သူတို့ရဲ့ မိသားစုဝင်တွေက ပြောပါတယ်။

အထက်အမိန့်အရ ထောင်ဝင်စာတွေ့ခွင့် မပေးတာဖြစ်တယ်လို့ ပန်းဘဲတန်းမြို့နယ် ရဲစခန်းကပြောကြောင်း ဒီနေ့ ထောင်ဝင်စာတွေ့ခွင့်ရဖို့ ကြိုးစားခဲ့တဲ့ ကိုဇေယျာလွင်ရဲ့ ဦးလေးဖြစ်သူ ဦးကျော်မင်းက ပြောပါတယ်။

"ကျနော်တို့ သူတို့ကိုဘာပြောလဲဆိုတော့ ဒုရဲအုပ်တစ်ယောက်ကနေ လာပို့သွားတဲ့အခါမှာ သူတို့အထက်က အမိန့်အရ ဒီနှစ်ယောက်ကို ထောင်ဝင်စာလုံးဝပေးမတွေ့ရပါလို့ အဲ့ဒီလိုပြောထားတယ် ညွှန်ကြားချက် ပါထားတယ်လို့၊ ကျနော်တို့ကလည်း အဲ့ဒီကိစ္စနဲ့ပတ်သက်လို့ ကျနော်တို့ ဟိုကိုလှမ်းစုံစမ်းတဲ့အခါကျတော့ အဆင့်ဆင့်ညွှန်ကြားထားတဲ့အတွက် သူတို့ကလည်းဒီဘက်ကို ပြောရခြင်းဖြစ်ပါတယ်ဆိုပြီး ကျနော်တို့ မှာ ထောင်ဝင်စာတွေ့ဖို့ လုံးဝမတွေ့ခဲ့ရဘူးပေါ့နော် အဲ့လိုပြောတယ်၊ လုံးဝအကန့်အသတ်မရှိပုံစံမျိုးပြောတယ်၊ ကျနော်တို့နားလည်တာ ရုံးထုတ်ပြီးလို့ရှိရင် နောက်ရက်တွေမှာ ထောင်ဝင်စာတွေ့လို့ရတယ်လေ၊ အခုဟာက သူကမဟုတ်ဘူးဆိုတော့ ဒီနှစ်ယောက်ကို သီးခြားအဲ့လိုမျိုးလုပ်သွားတယ်"

ပြီးခဲ့တဲ့ ဇွန်လ ၃ဝ ရက်နေ့က ကျောင်းသား ကျောင်းသူ ၃ဝ လောက်ဟာ လွှတ်တော်ထဲမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးကို ကန့်ကွက်နေတဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော်ထဲ ကနေ နှုတ်ထွက်ပေးဖို့ ရန်ကုန်မြို့ သိမ်ကြီးဈေးရှေ့ကနေ မြို့တော်ခန်းမရှေ့အထိ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။

ဆန္ဒပြပွဲကို ဦးဆောင်ခဲ့တဲ့ ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူနဲ့ ကိုနန်းလင်းတို့ကို ပန်းဘဲတန်းရဲစခန်းနဲ့ ကျောက်တံတား ရဲစခန်းတို့က နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ) တရားမဝင် စီတန်းလှည့်လှည်မှု ပုဒ်မ ၁၈ တို့နဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။

ဇူလိုင်လ ၁၅ ရက်နေ့က သူတို့ ၂ ဦးကို ပန်းဘဲတန်းနဲ့ ကျောက်တံတားမြို့နယ်တွေမှာ ရုံးထုတ်စစ်ဆေးခဲ့ပေမယ့် သူတို့နဲ့အတူ အမှုတွဲမှာပါဝင်တဲ့ ကိုနန်းလင်းက အဖမ်းမခံပဲ လွတ်မြောက်နေဆဲဖြစ်တဲ့အတွက် မစစ်ဆေးနိုင်သေး ဘူးလို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။