မြေလတ်ဒေသ ကျောင်းသားများ ဆန္ဒပြစစ်ကြောင်းနဲ့ ပူးပေါင်း
2015.01.26

မကွေးမြို့နယ် မြေလတ်ဒေသ တက္ကသိုလ်ကျောင်းသားများသမဂ္ဂနဲ့ မြေလတ်ဒေသ ဗကသ အဖွဲ့ဝင်စုစုပေါင်း ၁ဝဝ ကျော်ဟာ အမျိုးသားပညာရေးဥပဒေကို မကွေးမြို့မှာ ဒီနေ့ ကန့်ကွက်ဆန္ဒပြကြပါတယ်။
မန္တလေးမြို့ကနေ ရန်ကုန်မြို့ကို လမ်းလျှောက်ဆန္ဒပြကြတဲ့ ကျောင်းသားတွေနဲ့ ပူးပေါင်းဖို့အတွက် စတင်ဆန္ဒပြတာဖြစ်တယ်လို့ ဆန္ဒပြရာမှာပါဝင်တဲ့ မြေလတ်ဒေသ ဗကသ အတွင်းရေးမှူး ကိုရဲသွေးကျော်က ပြောပါတယ်။
"ဆန္ဒပြတာ ဒီမကွေးမြို့ပေါ်မှာပဲ တစ်ရက်ကြာမယ်၊ ပခုက္ကူမှာသူတို့ ၃ ရက်ပြနေပြီ၊ အဲ့ဒီပခုက္ကူကနေပြီး ရန်ကုန်ကိုတက်လာလိမ့်မယ်၊ မန္တလေးကလာမယ့် သပိတ်စစ်ကြောင်းနဲ့ အဲ့ဒါနဲ့ပူးပေါင်းပြီး ရန်ကုန်မှာ သပိတ်စခန်းတစ်ခုဖွင့်မယ်၊ ကျနော်တို့ ဗကသများအဖွဲ့နဲ့ မြေပြန့်ဒေသနဲ့ သပိတ်စစ်ကြောင်းနဲ့ သပိတ်စစ်ကြောင်းထွက်လာမယ်"
အဲ့ဒီဆန္ဒပြကျောင်းသား ကျောင်းသူတွေဟာ မန္တလေးက ထွက်လာတဲ့ ဆန္ဒပြကျောင်းသားတွေနဲ့ ပခုက္ကူမြို့မှာ သွားရောက်ပူးပေါင်းမှာဖြစ်ပါတယ်။
ဆန္ဒပြရာမှာ မကွေးတက္ကသိုလ်၊ မကွေးနည်းပညာတက္ကသိုလ်၊ မကွေးကျန်းမာရေး တက္ကသိုလ်၊ မကွေးဆေးတက္ကသိုလ်၊ ပခုက္ကူတက္ကသိုလ်၊ ပခုက္ကူနည်းပညာတက္ကသိုလ်၊ ရေနံချောင်းနည်းပညာကောလိပ် စတဲ့တက္ကသိုလ်တွေက ကျောင်းသား ကျောင်းသူတွေ ပါဝင်ပါတယ်။
လမ်းလျှောက်ဆန္ဒပြ ကျောင်းသားများ အခြေအနေကို ဗကသ အဖွဲ့ဝင် ကိုမင်းသွေးသစ်ကို မခင်ခင်အိက ဆက်သွယ်မေးမြန်းထားပါတယ်။
ဧရာဝတီတိုင်းမှ ကျောင်းသားများ ပူးပေါင်းမယ့်အကြောင်း ဗကသ အဖွဲ့ဝင် ကိုအောင်အောင်ကျော်ကို RFA မခက်မာက မေးမြန်းထားပါတယ်။