နှစ်ပတ်အတွင်း မြန်မာ နှစ်ထောင်ခန့် ထိုင်းမှာ ဖမ်းဆီးခံရ

2021.08.16
နှစ်ပတ်အတွင်း မြန်မာ နှစ်ထောင်ခန့် ထိုင်းမှာ ဖမ်းဆီးခံရ ထိုင်းနိုင်ငံ ကမ်ချနဘူရီခရိုင်မှာ ထိုင်းအာဏာပိုင်များဖမ်းဆီးထားတဲ့ မြန်မာနိုင်ငံကနေ ခိုးဝင်လာတဲ့ မြန်မာနိုင်ငံသားများကို ၂၀၂၁ မေ ၁၂ ရက်နေ့က တွေ့ရစဉ်
Photo: AFP

ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်မှု မြင့်တက်နေချိန် နယ်စပ်ကနေ ထိုင်းနိုင်ငံကို နှစ်ပတ်အတွင်း တရားမဝင် ခိုးဝင်လာတဲ့ မြန်မာနိုင်ငံသား နှစ်ထောင်လောက်ကို ဖမ်းဆီးခံရပါတယ်။ သြဂုတ်လ ၁ ရက်နေ့ ကနေ ၁၃ ရက်နေ့ထိ ထိုင်း-မြန်မာနယ်စပ်ကနေ တရားမဝင် ဝင်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၁,၉၅၅ ဦး ဖမ်းဆီး ခံရတယ်လို့ ထိုင်းကိုဗစ်ရောဂါထိန်းချုပ်ရေး ကော်မတီက သြဂုတ်လ ၁၅ ရက်နေ့ မနေ့က သတင်းထုတ်ပြန် ထားပါတယ်။

မနေ့ကလည်း တာခ်ခရိုင်နဲ့ ကမ်ချနဘူရီခရိုင်မှာ မြန်မာနိုင်ငံကနေ ခိုးဝင်လာတဲ့ မြန်မာနိုင်ငံသား ၅၀ ကျော်နဲ့ လူကုန်ကူးပွဲစား လေးဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ မဲဆောက်မြို့အခြေစိုက် မြန်မာပြည်သားများ အရေး ပူးတွဲလှုပ်ရှားမှုကော်မတီ ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။

ကိုဗစ်ရောဂါ ကူးစက်မှု မြင့်တက်နေတာကြောင့် ထိုင်း-မြန်မာနယ်စပ် တစ်လျှောက်မှာ ထိုင်းလုံခြုံရေးတိုးမြင့် ချထားပေမယ့် နယ်စပ်ကနေ ခိုးဝင်လာတဲ့ မြန်မာနိုင်ငံသားတွေ မကြာခဏ ဖမ်းဆီးခံနေရပါတယ်။ ထိုင်းနိုင်ငံ အတွင်း ကိုဗစ်အရေးပေါ်ကာလမှာ တရားမဝင် ခိုးဝင်လာသူတွေကို ဖမ်းဆီးခဲ့တာ ၂၀၂၀ ခုနှစ် မတ်လကနေ ၂၀၂၁ ခုနှစ် သြဂုတ်လလယ်ထိ ၁၇ လအတွင်း လူ လေးသောင်းကျော်ရှိပါပြီ။

အဲဒီထဲက သုံးသောင်း (၃၀၀၀၀) ကျော်ဟာ နယ်စပ်ကနေ ခိုးဝင်လာလို့ ဖမ်းခံရတာ ဖြစ်ပြီး တစ်သောင်း ကျော်ဟာ ထိုင်းနိုင်ငံအတွင်းမှာ ဖမ်းမိခဲ့တယ်လို့ ထိုင်းကိုဗစ်ရောဂါ ထိန်းချုပ်ရေးဗဟိုဌာနက ထုတ်ပြန် ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။