မြောက်ဦးနဲ့ သံတွဲက အရပ်သားနှစ်ဦး PDF စွပ်စွဲချက်နဲ့ အဖမ်းခံထားရ
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နဲ့ သံတွဲမြို့က အရပ်သား နှစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ စစ်တပ်ကဖမ်းသွားတယ်လို့ မိသားစုဝင်တွေက RFA ကို ဒီကနေ့ ပြောပါတယ်။
အဖမ်းခံထားရသူတွေကတော့ မြောက်ဦးမြို့နယ် ပန်းမော်ရွာက အသက် ၂၃ နှစ်အရွယ် လူငယ်စာရေးဆရာ ကိုအောင်နိုင်မြင့်နဲ့ သံတွဲမြို့ပေါ်မှာ လူမှုရေးလုပ်ငန်းတွေလုပ်နေတဲ့ တက်ကြွလှုပ်ရှားနေသူ ဦးစိန်ချစ်တို့ ဖြစ်ပါတယ်။
တက်ကြွလှုပ်ရှားသူ ဦးစိန်ချစ်ကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ ရက်နေ့မှာ အရပ်ဝတ်နဲ့ သေနတ်ကိုင်ထားတဲ့ စစ်သား ၁၀ ဦးကျော်က ဧည့်စာရင်းစစ်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နေအိမ်မှာ လာဖမ်းသွားတာဖြစ်ပြီး စာရေးဆရာ ကိုအောင်နိုင်မြင့်ကိုတော့ အောက်တိုဘာလ ၁၅ ရက်နေ့က နေအိမ်မှာပဲ အလားတူ လာဖမ်း သွားတာလို့ မိသားစုဝင်တွေက RFA ကို ပြောပါတယ်။
ကိုအောင်နိုင်မြင့်ဟာ မာယာကင်းမဲ့ဇုံစာအုပ်ကို ရေးသားထုတ်ဝေထားသလို လူမှုကွန်ရက် စာမျက်မှာပေါ်မှာ ဝါသနာအရ စာရေးသားနေတာဖြစ်ပြီး PDF နဲ့ လုံးဝဆက်စပ်မှုမရှိဘူးလို့ အစ်ကိုဖြစ်သူ ကိုအောင်မြင့်က RFA ကို ပြောပါတယ်။
ဦးစိန်ချစ်ကလည်း လူမှုရေးနဲ့ ပရဟိတလုပ်ငန်းတွေပဲ လုပ်ဆောင်နေသူဖြစ်ပြီး မိသားစုတွေနဲ့ အခုအချိန်ထိ တွေ့ခွင့်မရသေးတာကြောင့် စိုးရိမ်နေတယ်လို့ ဦးစိန်ချစ်ရဲ့ဇနီး ဒေါ်ခင်နှင်းဖြူက RFA ကို ပြောပါတယ်။
အခုလက်ရှိတော့ ကိုအောင်နိုင်မြင့်ကို PDF နဲ့ ပတ်သက်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ မြောက်ဦးမြို့မရဲ့စခန်းမှာ ထိန်းသိမ်းထားသလို ဦးစိန်ချစ်ကတော့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (က) ၊ ၅၂ (က) တို့နဲ့ အမှုဖွင့်ခံထားရတယ်လို့ မိသားစုဝင်တွေက ဆိုပါတယ်။
ကိုအောင်နိုင်မြင့်ကိုတော့ ဘယ်ပုဒ်မတွေနဲ့ တရားစွဲထားသလဲဆို သေချာမသိရသေးပေမယ့် လာမယ့် အောက်တိုဘာလ ၂၉ ရက်နေ့မှာ ရုံးချိန်း ချိန်းဆိုထားတယ်လို့ သိရပါတယ်။