ကျောက်တော်မှာ ကျေးရွာနှစ်ရွာ မီးရှို့ခံရ၊ အရပ်သား နှစ်ဦးသေဆုံး
2020.09.04

ရခိုင်ပြည်နယ် ကျောက်တော်မြို့ရဲ့တောင်ဘက် တစ်မိုင်ကျော်လောက်မှာရှိတဲ့ ဘုရားပေါင်းနဲ့ တောင်ပေါက်ရွာတွေ မနေ့ညနေက မီးရှို့ခံခဲ့ရတာပါ။
မီးရှို့ခံရတဲ့ ရွာနှစ်ရွာကို ဒေသခံတွေကိုယ်တိုင် ဒီမနက် သွားကြည့်ခဲ့ပြီး၊ အိမ်ခြေ ၁၇ဝ လောက် မီးလောင်ကျွမ်းသွားတာနဲ့ ဘုရားပေါင်းရွာက အရပ်သားနှစ်ဦး သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ခဲ့ရတယ်လို့ မျက်မြင်တွေက ပြောပါတယ်။
ဘုရားပေါင်းရွာက မျက်မြင်တစ်ဦးဖြစ်တဲ့ ကိုသာလှထွန်းကလည်း မနေ့ညနေက တပ်မတော်စစ်ကြောင်းတစ်ခု ရွာထဲရောက်လာပြီး မီးရှို့သွားတာလို့ RFA ကို ပြောပါတယ်။
“ညနေ ၅ နာရီလောက်မှာ ဝင်လာပြီးတော့ ကားပေါ်ကနေဆင်းတာနဲ့ ရွာဝင်ဝနားကနေ သေနတ်တွေ တရစပ်ပစ်ပြီးတော့ သူတို့ရွာထဲကိုဝင်လာပါတယ်။ ရွာထဲကို မိနစ်နှစ်ဆယ်လောက် သေနတ်ကြီး၊ သေနတ်ငယ်တွေနဲ့ လှမ်းပြီးတော့ပစ်ပါတယ်။ အဲလို ပစ်ရင်းရွာသားတွေကို လိုက်ရှာတယ်။ ရွာသားတွေကလည်းကြောက်ပြီးတော့ ဦးတည်ရာမရှိ ကိုယ်နီးစပ်တဲ့နေရာကို ကြောက်ပြီးတော့ ထွက်ပြေးကြတယ်။ ၆ နာရီကျော်လောက်မှာတော့ သူတို့ရွာထဲမှာ တစ်အိမ်ဝင်တစ်အိမ်ထွက် ဝင်ပြီးတော့ မီးရှို့ပါတယ်။ အိမ်တစ်အိမ်ကိုရှို့တော့မယ်ဆိုရင် အဲဒီအိမ်ကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တရစပ်ပစ်လိုက်ပါတယ်။ ပစ်ပြီးတာနဲ့ အိမ်ထဲကိုဝင်ပြီးတော့ မီးရှို့ပါတယ်။ သူတို့မီးရှို့တာကို မြင်နေရတယ်”
ကိုသာလှထွန်းဟာ အခြားသူတွေနဲ့အတူ ထွက်ပြေးရင်း ရွာနဲ့မလှမ်းမကမ်းမှာရှိတဲ့ မြစ်ကမ်းစပ်နားနေ တပ်မတော်သားတွေ မီးရှို့နေတာကို မျက်ဝါးထင်ထင် လှမ်းမြင်ခဲ့ရတယ်လို့ ဆိုပါတယ်။
ဒီရွာနှစ်ရွာဟာ ရန်ကုန်-စစ်တွေ ကားလမ်းဘေးမှာရှိတဲ့ရွာတွေဖြစ်ပါတယ်။ မနေ့ညနေက တပ်မတော်ယာဉ်ကို AAက လမ်းတစ်နေရာမှာ မိုင်းခွဲတိုက်ခိုက်ခဲ့ပြီးနောက် အဲဒီနားက ဘုရားပေါင်းနဲ့ တောင်ပေါက်ရွာ နှစ်ရွာကို တပ်မတော်က ဝင်ရောက်မီးရှို့ခဲ့ကြတာလို့ ဒေသခံတွေကပြောပါတယ်။
တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ဒါဟာ စွပ်စွဲချက်သာဖြစ်ပြီး တပ်မတော်က ဒီလိုမျိုးလုပ်တာမရှိဘူးလို့ နေပြည်တော်သတင်းစာရှင်းလင်းပွဲမှာ ဒီကနေ့ ငြင်းခဲ့ပါတယ်။ မနေ့ညနေ ၆ နာရီခွဲလောက်က အပေါက်ဝနယ်မြေရဲစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ပို့ဆောင်ပေးနေတဲ့ကားကို ကျောက်တော်မြို့ရဲ့ တောင်ဘက် မီတာ ၄ဝဝဝ အကွာလောက်မှာ AAအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ ရဲတစ်ဦးဒဏ်ရာရခဲ့ကြောင်း၊ ရဲတပ်ဖွဲ့ ဝင်တွေကို ပို့ဆောင်ပြီးပြန်အလာမှာလည်း ထပ်ပြီး မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရကြောင်း၊ ရန်သူအလောင်း နှစ်လောင်းနဲ့ သေနတ်တစ်လက် သိမ်းဆည်းရမိခဲ့ကြောင်း အဲဒီဖြစ်ရပ်တစ်ခုပဲ ရှိခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။
AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခကလည်း ကျောက်တော်မြို့နယ်တွင်းမှာ တိုက်ပွဲဖြစ်ပွားတာ၊ AAက မိုင်းဆွဲတိုက်ခိုက်ခဲ့တာ မရှိဘူးလို့ ငြင်းပါတယ်။ တိုက်ပွဲအတုဖန်တီးပြီး ရွာတွေကို မီးရှို့တာသာဖြစ်ကြောင်း၊ ရွာသားတွေ သေဆုံးမှုနဲ့ ရွာတွေ မီးရှို့ခံရမှုဟာ တပ်မတော်ဘက်က ကျူးလွန်တဲ့ အကြမ်းဖက်ရာဇဝတ်မှုတွေ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ တပ်မတော်ဘက်က သိမ်းဆည်းရမိတယ်ဆိုတဲ့ အလောင်း နှစ်လောင်းဟာလည်း သာမန် အရပ်သားတွေသာဖြစ်ပြီး၊ AA ရက္ခိုင့်တပ်တော်နဲ့ ပတ်သက်မှု လုံးဝ မရှိဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရွေးကောက်ပွဲတွေ မကျင်းပနိုင်အောင် တိုက်ပွဲအတုတွေ ဖန်တီးပြီးတော့မှ အပြစ်မဲ့ပြည်သူတွေကို တိုက်ခိုက်နေတာဖြစ်နိုင်တယ်လို့လည်း ခိုင်သုခက ပြောဆိုခဲ့ပါတယ်။
ဘုရားပေါင်းရွာက နောက်ထပ်အမည်မဖော်လိုတဲ့ ရွာသားတစ်ဦးကလည်း သူတို့ရွာထဲကို အင်အား ၂ဝဝ ဝန်းကျင်လောက်ရှိတဲ့ တပ်မတော်စစ်ကြောင်းက ဝင်လာပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ပစ်ခတ် ရွာကိုမီးရှို့ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။
“သူတို့ဝင်လာတော့ လူတွေကိုအကုန်ထွက်ခိုင်းတယ်။ ယောက်ျားရော၊ မိန်းမရော၊ လူငယ်ရော အကုန်လုံးစုခိုင်းတယ်။ လူငယ်တွေကိုတစ်တန်း၊ လူကြီးနဲ့မိန်းမတွေကိုတစ်တန်း ခွဲပြီးတော့ သူတို့က ကျွန်တော်တို့ကို ထိုင်ခိုင်းထားတယ်။ AA ရှိလား၊ ငါတို့ကို ခုခံတိုက်ခိုက်မယ့်ကောင်တွေ ရှိလားလို့မေးတယ်။ ကျွန်တော်တို့ကလည်း ဘာမှမသိဘူး၊ ကျွန်တော်တို့က လက်လုပ်လက်စားတွေ အဲလိုပြောတော့ ကျွန်တော့ကိုရိုက်တယ်။ ရခိုင်သားဖြစ်ပြီးတော့ AA ရှိတာကိုသိရမှာပေါ့ အဲလိုပြောတယ် သူတို့က။ သူတို့က ရွာထဲကိုပတ်ပြီးတော့ ဘာကိုပစ်မှန်းမသိ ကျည်ဆန်တွေက မိုးရွာသလို ပစ်တယ်။ ကျွန်တော် လှမ်းကြည့်လိုက်တော့ အိမ်တွေ မီးလောင်နေပြီ”
သူတို့ကို ကားလမ်းမပေါ်မှာ အချိန်တစ်နာရီလောက် ထိုင်ခိုင်းထားပြီး ပြန်လွှတ်ပေးလိုက်တယ်လို့လည်း အဲဒီအမည်မဖော်လိုတဲ့ ရွာသားက ပြောပါတယ်။
ဘုရားပေါင်းကျေးရွာဟာ အိမ်ခြေ ၂၄ဝ လောက်ရှိပြီး အဲဒီအထဲက အိမ်ခြေ ၁၁ဝ လောက်မီးရှို့ခံရတာဖြစ်သလို အိမ်ခြေ ၂၃ဝ လောက်ရှိတဲ့ တောင်ပေါက်ရွာမှာလည်း အိမ်ခြေ ၆ဝ ဝန်းကျင်လောက် မီးရှို့ခံခဲ့ရတာလို့ ဒေသခံမျက်မြင်တွေက ပြောပါတယ်။
အဲဒီရွာနှစ်ရွာက ရွာသားအများစုဟာ သရက်အုပ်၊ ဝက်မှိုင်း၊ ကျောက်တန်း၊ သဝင်ကိုင်း၊ ရွှေလှိုင် စတဲ့ ကျေးရွာတွေကို ညတွင်းချင်းပဲ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြပါတယ်။
မနေ့ကဖြစ်စဉ်အတွင်း ပန်းရံအလုပ်လုပ်တဲ့ အသက် ၃၅ နှစ်အရွယ် ဦးဟန်မောင်သိန်းနဲ့ မြို့ပေါ်မှာ သံထည် ပစ္စည်းတွေလုပ်တဲ့ အသက် ၂၅ နှစ်အရွယ် ကိုမောင်ညွန့်ဝင်း တို့ နှစ်ဦးကတော့ ကျည်ဒဏ်ရာတွေနဲ့ သေဆုံးသွားတယ်လို့ ရွာသားတွေကပြောပါတယ်။
သူတို့နှစ်ဦးဟာ သာမန်အရပ်သားတွေ ဟုတ်၊ မဟုတ်ကို ရွာသားတွေနဲ့ သူတို့နဲ့နီးစပ်တဲ့ မြို့ခံ ငါးဦးခန့်ကို RFA က မေးမြန်းရာမှာ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ မပတ်သက်တဲ့ သာမန်အရပ်သားတွေ ဖြစ်တယ်လို့ ပြောကြပါတယ်။
မီးရှို့ခံရတဲ့ရွာတွေကို ဒီမနက် သွားကြည့်ခဲ့တဲ့ ကျောက်တော်မြို့ခံ ဦးအေးစော ကလည်း
“တောင်ပေါက်ရွာနဲ့ ဘုရားပေါင်းရွာတွေမှာ လူတွေမရှိတော့ပါဘူး။ အိမ်တွေ မီးလောင်ထားတာကို ကျွန်တော် တွေ့ခဲ့ရပါတယ်။ ဘုရားပေါင်းရွာမှာကျတော့ လူနှစ်ယောက် အသတ်ခံထားရတယ်။ အဲဒီအလောင်းတွေကို ဆေးရုံကို ယူဆောင်ပြီးဖြစ်ပါတယ်။ အိမ်တွေက ရှို့မီးတွေပေါ့နော် လိုက်ပြီးမီးရှို့ခံရတာပါ။ ကျေးရွာရဲ့ သဘာဝအရ အိမ်တွေဟာ ပူးကပ်ပြီးတော့မရှိဘူး။ အိမ်တွေဟာ ခြံဝင်းကျယ်ကြီးတွေနဲ့ သူ့ဟာသူရှိနေတာ။ မီးကူးစက်တာမဟုတ်ဘူး၊ မီးရှို့ခံရလို့ မီးလောင်တာပါ”
ကျောက်တော်မြို့က အများယုံကြည်လေးစားရတဲ့ မြို့မိမြို့ဖတစ်ဦးကလည်း အဲဒီရွာတွေကို တပ်မတော်က မီးရှို့ခဲ့တယ်ဆိုတာ ဟုတ်မှန်ကြောင်း RFA ကိုပြောပါတယ်။ ဒါပေမဲ့ လုံခြုံရေးအရ သူ့ရဲ့အမည်ကို မဖော်ပြဖို့ ပြောပါတယ်။
မနေ့က ဘုရားပေါင်းနဲ့ တောင်ပေါက်ရွာတွေက ထွက်ပြေးသွားကြရတဲ့ ဒေသခံတွေကို ကျောက်တော်မြို့မှာ ဒုက္ခသည်စခန်းဖွင့်ပြီး နေရာချထားဖို့ စီစဉ်နေတယ်လို့လည်း အဲဒီမြို့မိမြို့ဖက ပြောပါတယ်။
“အကုန်လုံး မြစ်ကိုကူးပြီးတော့ မနေ့ညကလည်းက စက်လှေတွေနဲ့ လောင်းလှေတွေနဲ့ ပြေးကြတဲ့လူတွေ ဟိုရွာမှာနည်းနည်း၊ ဒီရွာမှာနည်းနည်း ရှိနေတာကို သိရတဲ့အတွက်ကြောင့် ကျွန်တော်တို့အနေနဲ့ အဲဒီဒုက္ခသည်တွေကို အကုန်လုံး ဘုန်းကြီးကျောင်းတွေမှာ စုထားခဲ့တယ်။ လောလောဆယ် ဒီမနက်စာကိုတော့ အဲဒီရွာတွေက ကျွေးထားပါတယ်။ ထမင်းစားပြီးတာနဲ့ သူတို့ဟာ ကျောက်တော်မြို့က မြို့မရွှေကျောင်းဓမ္မာရုံ ယာယီဒုက္ခသည်စခန်းမှာ လက်ခံဖို့ ကျွန်တော်တို့ စီစဉ်ထားပါတယ်။ အဲဒါပြီးရင်တော့ ရှမ်းရွာ အထက ခွဲမှာ ယာယီဒုက္ခသည်စခန်းအနေနဲ့ ကျွန်တော်တို့ ထားပြီးတော့ အဓိကအရေးကြီးတဲ့ အုပ်ချုပ်ရေးပိုင်း၊ အစိုးရပိုင်းနဲ့ ကျွန်တော်တို့ ညှိနှိုင်းပြီးတော့ သင့်တော်တဲ့ ဒုက္ခသည်စခန်းတွေမှာ ထားပြီးတော့ ပံ့ပိုးကူညီပေးသွားဖို့အတွက် ကျွန်တော်တို့ စဉ်းစားထားပါတယ်”
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ထဲက အိမ်ခြေ ၅ဝဝ ကျော်ရှိတဲ့ တင်းမရွာဟာလည်း ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်နေ့က မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။
တပ်မတော်လုံခြုံရေးအဖွဲ့တွေက မီးရှို့ဖျက်ဆီးတာဆိုတဲ့ ဒေသခံရွာသားတွေရဲ့ ပြောဆိုချက်ကို တပ်မတော်က ငြင်းဆိုထားပြီး၊ နေအိမ်တွေမီးလောင်တာမရှိကြောင်း ဧပြီလ ၁၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
ဒါပေမဲ့ အစိုးရကတော့ မီးလောင်သွားတဲ့ နေအိမ် ၅ဝဝ ကျော်ကို ပြန်ဆောက်နိုင်ဖို့အတွက် ငွေကျပ် သိန်း ၉၀ဝ ကျော်ကို ဧပြီလ ၂၂ ရက်နေ့က ရွာသားတွေကို ပေးအပ်ခဲ့ပါတယ်။
RFA က ရရှိထားတဲ့အချက်အလက်တွေအရ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ၂ဝ၁၈ ဒီဇင်ဘာလကနေ ဒီနေ့ စက်တင်ဘာ ၄ ရက်နေ့အထိ စစ်ရေးနဲ့ဆက်နွယ်ပြီး သေဆုံးတဲ့ အရပ်သား ၂၈၅ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူပေါင်းက ၆၂၉ ဦးအထိ ရှိနေပါတယ်။