မိုးကုတ်မှာ အရပ်သားနှစ်ဦးကို စစ်ကောင်စီတပ်က ပစ်ခတ်ဖမ်းဆီး
မန္တလေးတိုင်း မိုးကုတ်မြို့မှာ မေလ ၁၉ ရက် မနေ့ညက ဆိုင်ကယ်စီးလာတဲ့ လူငယ် နှစ်ဦးကို စစ်ကောင်စီတပ်က ပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဆိုင်ကယ်ကို စစ်ဆေးဖို့ တားဆီးတဲ့အချိန်မှာ ရပ်မပေးတဲ့အတွက် အခုလို ပစ်ခတ် ဖမ်းဆီးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ ပစ်ခတ်ဖမ်းဆီးခံရတဲ့ လူငယ်နှစ်ဦးရဲ့ နာမည်တွေကိုတော့ မသိရသေးပါဘူး။
အဲဒီထဲက လူငယ်တစ်ဦးဟာ ဒဏ်ရာစိုးရိမ်ရတဲ့အတွက် မိုးကုတ်ဆေးရုံမှာ တင်ထားရပြီး နောက်တစ်ယောက်ကတော့ ဖမ်းဆီးခံထားရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ကောင်လေးနှစ်ယောက်က ဆိုင်ကယ်စီးလာတာ၊ မင်းတံတားရပ်ကွက်က ဘိုးဘွား ရိပ်သာနားမှာ စစ်သားတွေက စစ်နေတာ၊ ဆိုင်ကယ်တစ်စီးကို ကောင်လေးနှစ်ယောက် စီးလာတာ၊ သူတို့မြင်တော့ မရပ်ဘဲ ပြန်လှည့်အပြေးမှာ စစ်သားတွေက သေနတ်နဲ့ ပစ်ခတ်ခဲ့တာ၊ ပစ်ခံရတဲ့ကလေးတွေက မိုးကုတ်သားလေးတွေပါ“
မိုးကုတ်မြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်တွေ ဝင်ရောက်တော့မယ်ဆိုတဲ့ သတင်း တွေ ထွက်ပေါ်နေတဲ့အတွက် စစ်ကောင်စီတပ်တွေက လုံခြုံရေးတင်းကျပ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ မေလ ၂၀ ရက်မှာလည်း မန္တလေး-မိုးကုတ်လမ်းပေါ်က စဉ့်ကူးမြို့နယ်၊ ရွှေပြည် ရဲကင်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေက လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ရဲစခန်းအနီးက ဒေသခံ နှစ်ယောက်ကို စစ်ကောင်စီက ဖမ်းဆီး သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။