အစိုးရ ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင် ဦးအောင်မင်း ဒီကေဘီအေနဲ့ ပထမဆုံးတွေ့ဆုံ
2013.01.22
DKBA နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ အရင်က တောင်သာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းတို့အဖွဲ့က တာဝန်ယူ စကားပြောခဲ့တာဖြစ်ပြီး ဝန်ကြီးဦးအောင်မင်းနဲ့ တွေ့ဆုံဆွေးနွေးတာဟာ ဒီတစ်ကြိမ်ဟာ ပထမဆုံး အကြိမ်ဖြစ်ပါတယ်။
ဒီကနေ့ မြဝတီမြို့ ဆွေးနွေးပွဲဟာ အစိုးရနဲ့ ဒီကေဘီအေ၊ နယ်ခြားစောင့်တပ် BGF စတဲ့အဖွဲ့တွေနဲ့ ယုံကြည်မှုတည်ဆောက်တဲ့ တွေ့ဆုံဆွေးနွေမှု ဖြစ်တယ်လို့ ဝန်ကြီး ဦးအောင်မင်းက အာအက်ဖ်အေကို ပြောပါတယ်။
အဲဒီ နှစ်ဖက် ဆွေးနွေးပွဲမှာ ဒီကေဘီအေ ခေါင်းဆောင်တွေဖက်က ကချင်ပြည်နယ်က စစ်ပွဲကိစ္စ မေးမြန်းခဲ့ပါတယ်။
KIO က တဖွဲ့ချင်း အနေနဲ့ မဆွေးနွေးလိုပဲ တိုင်းရင်းသား ၁၁ ဖွဲ့နဲ့ဖွဲ့ထားတဲ့ UNFC ညီညွတ်သော တိုင်းရင်းသား ဖက်ဒရယ်ကောင်စီနဲ့ ဆွေးနွေးမယ်လို့ အကြောင်းပြန်ထားပါတယ်။
အဲဒီလို KIO က ပြောဆိုချက်အတိုင်း ဖြစ်သင့်တယ်လို့ DKBA ခေါင်းဆောင်တွေက ပြောရာမှာ ဝန်ကြီးဦးအောင်မင်းတို့ဖက်က အကြံပေးတာဝမ်းသာကြောင်းနဲ့ ဆုံးဖြတ်ချက် မချရသေးကြောင်း ပြောတယ်လို့ သိရပါတယ်။
ဒီကနေ့ မြဝတီမြို့က အစိုးရနဲ့ DKBA တွေ့ဆုံဆွေးနွေးပွဲမှာ အစိုးရတပ်၊ DKBA တပ်နဲ့ BGF တပ်ဖွဲ့ဝင်တွေ စုစုပေါင်း ၂၀၀ လောက်က လက်နက်အင်အား အပြည့်အစုံနဲ့ လုံခြုံရေး တင်းတင်းကြပ်ကြပ် ချထားခဲ့ပါတယ်။