မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံတွေရဲ့ လူ့အခွင့်အရေးအခြေအနေ အမေရိကန်ထုတ်ပြန်

ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2022.04.12
မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံတွေရဲ့ လူ့အခွင့်အရေးအခြေအနေ အမေရိကန်ထုတ်ပြန် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီဘလင်ကင်။
Photo: Reuters

မနေ့က အမေရိကန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ ၂ဝ၂၁ ခုနှစ်အတွင်း ကမ္ဘာ့နိုင်ငံ ၁၉၈ နိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေနဲ့ ဒီမိုကရေစီ နောက်ပြန်သွားနေတဲ့ အခြေအနေတွေ၊ အာဏာရှင်အစိုးရတွေက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ တိုးလာတဲ့ အခြေအနေတွေကို သုံးသပ်ဖော်ပြထားပါတယ်။

ကမ္ဘာအရပ်ရပ်မှာ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးမှု အခြေအနေတွေ ကျဆင်းနေတာ နှစ်တော်တော်ကြာပြီဖြစ်ပြီး၊ ၂ဝ၂၁ ခုနှစ်မှာလည်း ဆက်လက် ကျဆင်းနေတာ တွေ့ရတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က ဒီအစီရင်ခံစာ ထုတ်ပြန်တဲ့ အခမ်းအနားမှာ ပြောလိုက်ပါတယ်။

“လူသားအားလုံးနဲ့ ဆိုင်တဲ့ လူ့အခွင့်အရေးရဲ့ သဘောတရားအရဆိုရင် ကိုယ့်ကိုယ်ကိုလည်း တာဝန်ခံမှုရှိဖို့အတွက် တူညီတဲ့ စံနှုန်းနဲ့ တိုင်းတာရမှာ ဖြစ်ပါတယ်”

ဒါ့အပြင် အမေရိကန်နိုင်ငံခြားရေးဌာနဟာ ကမ္ဘာအရပ်ရပ်က လူ့အခွင့်အရေးချိုးဖောက်မှုတွေအကြောင်း ကိုယ်ပိုင်အချက်အလက်ရှာဖွေစုဆောင်းပြီး မှတ်တမ်းတင်ထားရှိနေတဲ့အကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်က ပြောသွားပါတယ်။

“အမေရိကန်နိုင်ငံခြားရေးဌာနဟာ နည်းစနစ်တကျနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု အထောက်အထားတွေကို စုဆောင်း၊ သိမ်းဆည်း၊ ခွဲခြမ်းစိတ်ဖြာ သုံးသပ်ပြီး၊ သက်ဆိုင်ရာအဖွဲ့အစည်းတွေကနေ ရယူအသုံးပြုလို့ရအောင် လုပ်ပေးနေပါတယ်။ ပြီးခဲ့တဲ့လကပဲ မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တဲ့အကြောင်း သတ်မှတ်ကြေညာနိုင်ခဲ့တာဟာ နိုင်ငံခြားရေးဌာနရဲ့ ကိုယ်ပိုင်အချက်အလက် ရှာဖွေစုံစမ်းမှုတွေ၊ လူ့အခွင့်အရေးအဖွဲ့တွေ အပါအဝင် ခိုင်လုံတဲ့ ရင်းမြစ်တွေက ရတဲ့အချက်အလက်တွေကို စေ့စေ့စပ်စပ် လေ့လာသုံးသပ်ခဲ့တာကြောင့် ဖြစ်ပါတယ်”

နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်ရဲ့ မိန့်ခွန်းထဲမှာ လက်ရှိယူကရိန်းစစ်ပွဲမှာ ရုရှားစစ်တပ်ရဲ့ ယူကရိန်းအရပ်သားပြည်သူတွေအပေါ် သတ်ဖြတ်မှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအကြောင်းကို အလေးအနက်ထားပြီး ပြောသွားပါတယ်။

ပြီးခဲ့တဲ့နှစ်က အီရန်နိုင်ငံ၊ ဆီးရီးယား၊ ဘီလာရုဒ် နိုင်ငံတွေက အစိုးရတွေဟာ သူတို့ကို ဆန့်ကျင်ဝေဖန်သူတွေကို ဖမ်းဆီးနှိပ်ကွပ်ဖို့ နိုင်ငံနယ်နိမိတ်ပြင်ပအထိ ကျော်လွန်ဆောင်ရွက်ခဲ့တဲ့အကြောင်း၊ တရုတ်အစိုးရရဲ့ တိဘက်၊ ဟောင်ကောင်နဲ့ ဝီဂါမွတ်စလင်တွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ အာဖဂန်နစ္စတန်၊ အီဂျစ်နဲ့ အီသီယိုးပီးယားနိုင်ငံတွေက လူ့အခွင့်အရေးချိုးဖောက်မှုတွေအကြောင်း ပြောသွားပါတယ်။

ဒါ့အပြင် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်လေ့ရှိတဲ့ အစိုးရတွေဟာ လူ့အခွင့်အရေးစံနှုန်းတွေကို သူတို့လိုသလို အဓိပ္ပါယ်ဖွင့်ဖို့ ကြိုးစားနေတာကိုလည်း အန်တိုနီဘလင်ကင်က အခုလို ပြောသွားပါတယ်။

“နိုင်ငံအစိုးရ တော်တော်များများဟာ လူ့အခွင့်အရေးစံနှုန်းတွေကို သူတို့ သက်ဆိုင်ရာဒေသတွေနဲ့ ကိုက်ညီတဲ့အဓိပ္ပါယ်ဖွင့်ဆိုချက်နဲ့ ဖွင့်ဆိုပြီး ကျင့်သုံးသင့်တယ်လို့ မှားယွင်းစွာ ယုံကြည်နေကြပါတယ်။ တိုက်ဆိုင်တာ တစ်ခုကတော့ အဲဒီလို ယုံကြည်တဲ့ အစိုးရတွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှု အဆိုးဆုံး ကျူးလွန်နေတဲ့ အစိုးရတွေ ဖြစ်နေပါတယ်။ လူသားအားလုံးနဲ့ ဆိုင်တဲ့ လူ့အခွင့်အရေးရဲ့ သဘောတရားအရဆိုရင် ကိုယ့်ကိုယ်ကိုလည်း တာဝန်ခံမှုရှိဖို့အတွက် တူညီတဲ့ စံနှုန်းနဲ့ တိုင်းတာရမှာ ဖြစ်ပါတယ်”

မနေ့က ထုတ်ပြန်တဲ့ လူ့အခွင့်အရေးအစီရင်ခံစာထဲမှာ ၂ဝ၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက် စစ်သားနဲ့စစ်တပ်က ထိန်းချုပ်ထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ အရပ်သားပြည်သူတွေကို မတရားသဖြင့် ဖမ်းဆီးထောင်ချတာ၊ တရားစီရင်စစ်ဆေးမှု မရှိဘဲ သတ်ဖြတ်တာ၊ ညှဉ်းပန်းနှိပ်စက်ပြီး လူမဆန်စွာ ဆက်ဆံတာ၊ အစဖျောက် ရှင်းလင်းပစ်တာ၊ လွတ်လပ်တဲ့ တရားစီရင်မှု မရှိဘဲ အမိန့်ချတာ၊ ပြည်သူပိုင်ပစ္စည်းတွေကို မတရားသဖြင့် သိမ်းယူတာဖျက်ဆီးတာ၊ အမျိုးသမီးနဲ့ Transgender အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာစော်ကားကျူးလွန်တာ စတဲ့ ဆိုးဝါးပြင်းထန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်ခဲ့တဲ့အကြောင်း ဖော်ပြထားပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်ကောင်စီဟာ မြန်မာနိုင်ငံပြင်ပကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေကိုပါ ခြိမ်းခြောက်အရေးယူဖို့ ကြိုးစားခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင်းက အကျဉ်းထောင်တွေမှာလည်း အလွန်ဆိုးဝါးတဲ့အခြေအနေ ဖြစ်နေပြီး ကြက်ခြေနီအဖွဲ့ကို ပုံမှန် ဝင်ရောက်လေ့လာခွင့်ပြုတာ ရပ်ဆိုင်းခဲ့တဲ့အကြောင်း၊ ပဋိပက္ခဒေသတွေမှာ ကလေးစစ်သားအသုံးပြုခြင်း၊ သတင်းသမားတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုနဲ့ အင်တာနက်သတင်းမီဒီယာတွေကို ဆင်ဆာဖြတ်တောက်ခြင်း၊ လွတ်လပ်စွာ ပြောဆိုခွင့်၊ စုဝေးခွင့်၊ အသင်းအဖွဲ့တည်ထောင်ခွင့်တွေကို ကန့်သတ်ခြင်း၊ လွတ်လပ်စွာ ရွှေ့ပြောင်းသွားလာခွင့်နဲ့ မြန်မာနိုင်ငံက ထွက်ခွာခွင့်တွေကို ကန့်သတ်ခြင်းတွေလည်း ရှိခဲ့တဲ့အကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။