ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ကို အဂတိမှုနဲ့ စစ်တရားရုံးက ထောင်ငါးနှစ်ချ
2023.11.10

စစ်ကောင်စီရဲ့ ပြည်ထဲရေး ဝန်ကြီးဖြစ်ခဲ့သူ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်ကို ရာထူးလုပ်ပိုင်ခွင့် မလျော်ဩဇာသုံးမှု၊ အဂတိ လိုက်စားမှုနဲ့ စစ်တရားရုံးက ထောင် ငါးနှစ် ချလိုက်တယ်လို့ စစ်ကောင်စီက နိုဝင်ဘာလ ၁၀ ရက်ညမှာ ကြေညာပါတယ်။
ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်ဟာ ပြည်ထဲရေးဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့ချိန်က Green Channel စနစ်နဲ့ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေး လုပ်ငန်းတွေမှာ အကူအညီတောင်းတဲ့ ကုမ္ပဏီတွေကို ရာထူးနဲ့ လုပ်ပိုင်ခွင့်သုံးပြီး ခွင့်ပြုပေးခဲ့တာ၊ တံစိုးလက်ဆောင် ယူခဲ့တယ်လို့ စစ်ကောင်စီဘက်က ပြောပါတယ်။
ဒါ့အပြင် ပြည်ထဲရေး ဝန်ကြီးဌာနရဲ့ ဝန်ထမ်း သက်သာချောင်ချိရေး ရန်ပုံငွေတွေ ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းတွေနဲ့ မညီညွတ်ဖြစ်နေတာကို ကြပ်မတ်ဖို့ ပျက်ကွက်ခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒါကြောင့် စစ်တရားရုံးက သက်ဆိုင်ရာ ဥပဒေနဲ့ ထောင်ငါးနှစ် ချခဲ့ပြီး အမှုမှာ ပါဝင်သူတွေကို နယ်ဘက် တရားရုံးနဲ့ ရဲတပ်ဖွဲ့က တာဝန်ရှိသူတွကိုလည်း ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေနဲ့ဆက်ပြီး အရေးယူမယ်လို့ ဆိုပါတယ်။
ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်ဟာ သမ္မတဦးဝင်းမြင့် တာဝန်ယူချိန်ကတည်းက ပြည်ထဲရေးဝန်ကြီးဖြစ်ပြီး အာဏာသိမ်းပြီးနောက် ရာထူးပြောင်းရွှေ့မခံရတဲ့ တစ်ဦးတည်းသော ဝန်ကြီးဖြစ်ပါတယ်။
စစ်တပ် အာဏာသိမ်းပြီး နှစ်နှစ်အကြာမှာတော့ အဂတိလိုက်စားမှု ရှိနေတယ်ဆိုပြီး သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ခဲ့ပါတယ်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလကလည်း ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ ဗိုလ်မှူးချုပ် ရန်နောင်စိုးကို အဂတိ လိုက်စားမှုကြောင့် စစ်ကောင်စီက ထောင် အနှစ် နှစ်ဆယ်နဲ့ညီမျှတဲ့ တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချခဲ့ပါတယ်။