ပြည်တွင်းတည်ငြိမ်ရေး ကူညီဖို့ ဦးသန်းရွှေက ဝမ်ယိကို အကူအညီတောင်း
2024.08.15

Updated 5:16 PM Aug 15, 2024
အာဏာရှင်ဟောင်း အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ပြည်တွင်း တည်ငြိမ်ရေးကို ထိန်းသိမ်းနိုင်ဖို့ တရုတ်နိုင်ငံကနေ ပံ့ပိုးကူညီမှုတွေ မျှော်လင့်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သြဂုတ်လ ၁၅ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
နိုင်ငံတစ်ဝန်း စစ်ရေးအရ လက်လွှတ်ခဲ့ရတဲ့ မြို့နဲ့ တိုင်းစစ်ဌာနချုပ်တွေ ရှိလာချိန်မှာ အာဏာရှင်ဟောင်း ဦးသန်းရွှေက အခုလို အကူအညီတောင်းခဲ့တာလည်းဖြစ်ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ မနေ့ကတွေ့ဆုံမှုမှာ တရုတ်နဲ့ မြန်မာနိုင်ငံဟာ ခင်မင်ရင်းနှီးတဲ့ ပေါက်ဖော်အိမ်နီးချင်း နိုင်ငံတွေဖြစ်တာကြောင့် ငြိမ်းချမ်းစွာ နေထိုင်မှုဟာ ပြောင်းလဲမှာမဟုတ်ဘူးလို့ ဦးသန်းရွှေက ပြောခဲ့ပါတယ်။
ဒါ့အပြင် အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေအနေနဲ့ သမ္မတရှီကျင့်ဖျင်ကို နှုတ်ဆက်စကား ကိုယ်စားပြောပေးဖို့နဲ့ တရုတ်-မြန်မာ ချစ်ကြည်ရေးဟာ နိုင်ငံတကာ အပြောင်းအလဲတွေရဲ့ စမ်းသပ်မှုတွေကို ဖြတ်သန်းရာမှာ ပိုပြီးခိုင်မာခဲ့တဲ့အပြင် သံတမန် ဆက်ဆံရေးရဲ့ အရေးကြီးတဲ့နေရာမှာ အမြဲရှိနေတယ်လို့ ဆိုပါတယ်။
မစ္စတာ ဝမ်ယိကလည်း တစ်ပြည်လုံးအတိုင်းအတာ ရွေးကောက်ပွဲလုပ်နိုင်ရေး အပါအဝင် ဒီမိုကရေစီအသွင် ကူးပြောင်းရေးကို ထောက်ခံတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒီအပြင် မြန်မာနိုင်ငံအပေါ် ပြည်ပအင်အားစုတွေ ဝင်ရောက်စွက်ဖက်မှုကို အခိုင်အမာ ဆန့်ကျင်သလို တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ဖျက်ဆီးတဲ့ အပြုအမူတွေကိုလည်း ဆန့်ကျင်ကြောင်း ပြောပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ မနေ့က စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့တွေ့ဆုံခဲ့ပြီး ရှမ်းပြည်မြောက်ပိုင်းက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေကို ဆန့်ကျင်တယ်လို့လည်း ပြောခဲ့ပါတယ်။