ဖောက်ခွဲမှုနဲ့ စွဲချက်တင်ခံခဲ့ရတဲ့ ဦးသန်းဇော် လွတ်လာပြီ
2012.07.03
ထောင်ထဲမှာ ၂၃ နှစ်နေခဲ့ရတဲ့ ဦးသန်းဇော်က သူ့ကို နောက်တခါ ပြစ်မှုကျူးလွန်ရင် ကြွင်းကျန်ခဲ့တဲ့ ကာလကိုပါ အပြစ်ကျခံပါမယ် ဆိုတဲ့အကြောင်း ပုဒ်မ ၄၀၁ အပိုဒ် ၁ ကို လက်မှတ်ထိုးဖို့ အာဏာ ပိုင်တွေက ပြောပေမယ့် လက်မှတ်မထိုးခဲ့ဘူးလို့ အာရ်အက်ဖ်အေကို ပြောပါတယ်။
"၃ နှစ်ပဲ ကျန်တယ်ဗျာ။ ၁၀ ရက် ၂ လ ၂၀၁၆ မှာ ကျွန်တော့်ရဲ့ သာမန်လွတ်ရက်ပဲ။ ကဲ အဲလောက်ထားပြီး၊ အဲလောက်နေပြီး၊ အပြစ်မရှိဘဲနဲ့ ကျွန်တော့်ကို ထောင်ထဲမှာ ညှင်းပန်း နှိပ်စက်ပြီးတော့မှ လွယ်လွယ်ကူကူ လက်မှတ်ထိုးပေးရမယ် ဆိုတာကတော့ တရားလွန်တယ်ဗျ၊ သိလား။ မတရား ချုပ်နှောင်ထားခံရတယ်၊ အဲဒီအတွက် ကျွန်တော် လက်မှတ်ထိုးလိုက် ရင် အပြစ်ရှိတယ်လို့ ခံစားရမယ်။ အဲဒီတော့ မထိုးဘူး။ ကျွန်တော့်ရဲ့ နိုင်ငံရေး ဂုဏ်သိက္ခာရှိတယ်။ လက်မှတ်မထိုးဘူး။ ထောင်ထဲပြန်ဝင်ဆိုလည်း ကျွန်တော် ထောင်ထဲကို ပျော်ပျော်ပါးပါးကြီး ပြန်ဝင်မယ် ပြောတယ်။ အဲတော့ ကျွန်တော် ထောင်ထဲက လွတ်တာ ဝမ်းလည်းမသာဘူး၊ ကျေးဇူးလည်း မတင်ဘူး။ အဓိက ကျွန်တော် အသက်မသေဘဲ ပြန်လာတာကို ကျွန်တော်ကို ကျွန်တော် ဝမ်းသာတယ်နော်"
လွတ်မြောက်လာတဲ့ အချိန်မှာ NLD အဖွဲ့ဝင်တွေက နွေးနွးထွေးထွေး ကြိုဆိုကြတဲ့အပေါ် ဝမ်းသာကြောင်းနဲ့ အဖွဲ့ချုပ် ပါတီဝင်တစ်ဦးအနေနဲ့ ဆက်လက် ရပ်တည်သွားမယ်လို့လည်း ဦးသန်းဇော်က ပြောပါတယ်။
သန်လျင်မြို့နယ် NLD ပါတီဝင် တစ်ဦၤးဖြစ်တဲ့ ဦးသန်းဇော်ကို ၁၉၈၉ ခုနှစ် ဇူလိုင်လမှာ စစ်ထောက်လှမ်းရေးအဖွဲ့က ဖမ်းဆီးပြီး သန်လျင် ရေနံချက်စက်ရုံ ဗုံးဖောက်ခွဲမှုနဲ့ စွပ်စွဲကာ စစ်ခုံရုံးက သေဒဏ်နဲ့ တသက်တကျွန်း ချခဲ့ပါတယ်။
၁၉၉၃ ခုနှစ်က ပေးခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် သေဒဏ်က နှစ်၂၀၊ တသက်တကျွန်းက ၁၀ နှစ် စတဲ့ လျှော့ရက်တွေ ရခဲ့ပါတယ်။
၁၉၈၉ ခုနှစ် ထောင်မကျခင်က နိုင်ငံရေးအခြေအနေနဲ့ လက်ရှိအခြေအနေဟာ အတော့်ကို ကွာခြားပြီး ဒီကွာခြားမှုအပေါ် ဝမ်းသာမိတယ်လို့လည်း ဦးသန်းဇော်က ပြောပါတယ်။
"လွန်ခဲ့တဲ့ ၂၃ နှစ်က ကျွန်တော် အပြင်မှာ နေတုန်းက ပုံသဏ္ဍာန်နဲ့ အခုပုံသဏ္ဍာန်နဲ့ အတော်ကွာခြားသွားပြီဗျ။ နိုင်ငံရေးရေချိန်ကတော့ ၈၈ ကနေ ၈၉ ဇူလိုင်အထိ ကျွန်တော် နိုင်ငံရေး လုပ်ခဲ့တယ်။ အဲဒီအနေအထားနဲ့ အခု ပြန်လွတ်လာတဲ့ အနေအထားနဲ့ကတော့ ဘာမှမဆိုင်ဘူးပေါ့။ တော်တော်ကြီးကို ကွာခြားတယ်။ အဲဒီကွာခြားမှုမှာလည်း ကျွန်တော် ဝမ်းသာတယ်ပေါ့နော်"
သရက်ထောင်ထဲမှာ ရှမ်းအဖွဲ့က ၆ ယောက်၊ KNU အဖွဲ့ဝင် ၂ ယောက်နဲ့ ABSDF ကျောင်းသား တပ်မတော်က တစ်ယောက် စုစုပေါင်း နိုင်ငံရေးအကျဉ်းသား ၉ ယောက် ကျန်ရှိနေသေးတယ်လို့ ဦးသန်းဇော်က ပြောပါတယ်။