နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်လျှင် စီးပွားဖွံ့ဖြိုးမှု ပိုမိုရရှိမှာ ဖြစ်ကြောင်း ထိုင်းစက်မှုဝန်ကြီး ပြောဆို

ထိုင်းအစိုးရရဲ့ ဖိတ်ကြားချက်အရ ဘန်ကောက်မြို့ကို ချစ်ကြည်ရေးခရီး ရောက်ရှိလာတဲ့ သမ္မတ ဦးသိန်းစိန်နဲ့ ဝန်ကြီးများ အဖွဲ့ဟာ မနေ့ မွန်းလွဲပိုင်းက ထိုင်းနိုင်ငံ အရှေ့ပိုင်း၊ ချွန်ဘူရီခရိုင်မှာရှိတဲ့ လမ်ချဘန် စက်မှုဇုန်ကို သွားရောက် လေ့လာခဲ့ရာမှာ ထိုင်းစက်မှုဝန်ကြီး အပါအဝင် တာဝန်ရှိသူတွေက ကြိုဆိုနှုတ်ဆက်ပြီး စက်မှုဇုန် တည်ဆောက်ရေး ဆိုင်ရာ အခြေခံ အချက်အလက်များနဲ့ ပတ်သက်ပြီး ရှင်းလင်း တင်ပြကြပါတယ်။

2012.07.22
u-thein-sein-laem-chabang-b305 ၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၂ ရက်က သမ္မတ ဦးသိန်းစိန်နှင့် ဝန်ကြီးများအဖွဲ့ ထိုင်းနိုင်ငံ၊ လန်ချဘန် စက်မှုဇုန်ကို သွားရောက်လေ့လာစဉ်။
AFP

ထိုင်းစက်မှုဝန်ကြီး ဆဝါဒီဝပ်က - ထိုင်းအစိုးရ စီးပွားရေး အဖွဲ့အစည်းတွေဟာ ထိုင်း တစ်သီးပုဂ္ဂလ ကုမ္ပဏီတွေနဲ့ မြန်မာနိုင်ငံမှာ စီးပွားရေး လုပ်ဆောင်နိုင်မယ့် အခွင့်အလမ်းတွေအတွက် ပူးပေါင်း ဆောင်ရွက်နေကြောင်း၊ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက် မယ်ဆိုရင် စီးပွားဖွံ့ဖြိုးမှု ပိုမိုရရှိမှာ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ထိုင်း အမျိုးသား စီးပွားရေးနဲ့ လူမှု ဖွံ့ဖြိုးရေး ဘုတ်အဖွဲ့ အတွင်းရေးမှူးချုပ် သမ်ပီတရာ ပိုင်ဆစ်ကလည်း ထိုင်းအရှေ့ပိုင်း ကမ်းရိုးတန်းဒေသ လမ်ချဘန် စက်မှုဇုန်နဲ့ မြန်မာပြည် ထားဝယ် စက်မှုဇုန် စီမံကိန်းတို့ ဆက်နွယ်မှုနဲ့ ပတ်သက်ပြီး တင်ပြခဲ့ရာမှာ- လမ်ချဘန် ပင်လယ်ဆိပ်ကမ်း စက်မှုဇုန်တွေရဲ့ ဖွံ့ဖြိုးမှုဟာ ကမ္ဘာ့ဈေးကွက်ကို ထိုးဖောက် ယှဉ်ပြိုင်နိုင်စွမ်း တိုးတက် မြင့်မားလာနေပြီး ထိုင်းနိုင်ငံရဲ့ ဆင်းရဲမွဲတေမှု အဆင့်ကို အနှစ်၂၀ အတွင်း ၄၃% ကနေ ၈% အထိ လျှော့ချနိုင်ခဲ့ကြောင်း၊ လန်ချဘန်ထက် ကြီးမားပြီး အမေရိကန် ဒေါ်လာ ၈.၆ ဘီလျံ ရင်းနှီးမြုပ်နှံမှု ရှိမှာဖြစ်တဲ့ ထားဝယ် စက်မှုဇုန် စီမံကိန်းဟာ အရှေ့တောင် အာရှဒေသအတွက် ကုန်စည် ကူးသန်း ရောင်းဝယ်ရေးဆိုင်ရာ အချက်အချာ နေရာတစ်ခု ဖြစ်လာမှာ ဖြစ်သလို ကမ္ဘာ့ဒေသ အချို့အတွက်လည်း တိုတောင်းတဲ့ ကုန်သွယ်မှု လမ်းကြောင်းအဖြစ် အထောက်အကူပြုမှာ ဖြစ်ကြောင်း၊ ထားဝယ် စီမံကိန်း ပြီးမြောက် အောင်မြင်ရေးအတွက် ထိုင်းနိုင်ငံအနေနဲ့ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ထောက်ပံ့မှုတွေ၊ ခေတ်မီ နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုတွေနဲ့ ဒေသတွင်း ဖွံ့ဖြိုး တိုးတက်မှုတွေ ပံ့ပိုး ဆောင်ရွက်မှာ ဖြစ်ကြောင်း တင်ပြသွားခဲ့ပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ ဒီကနေ့ ထိုင်းဝန်ကြီးချုပ် ယင်လပ် ရှင်နာဝပ်ထရာနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။