ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်ချမှတ်မှု နိုင်ငံတကာက ပြင်းပြင်းထန်ထန် ရှုတ်ချ

2021.12.06
ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်ချမှတ်မှု နိုင်ငံတကာက ပြင်းပြင်းထန်ထန် ရှုတ်ချ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ကို ၂၀၂၀၊ ဇန်နဝါရီ ၁၅ ရက်နေ့က ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ တွေ့ရစဉ်
Photo: THET AUNG / AFP

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွဲထားတဲ့အမှုပေါင်း ၁၁ မှုထဲက သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ - ၂၅ နဲ့ အများပြည်သူအကျိုးကို ပျက်စီးစေမှု ပုဒ်မ - ၅၀၅ (ခ) တို့အတွက် ထောင်ဒဏ် နှစ်နှစ်စီ၊ စုစုပေါင်း ထောင်ဒဏ်လေးနှစ် သီးခြားစီကျခံဖို့ နေပြည်တော် ဇမ္ဗူသီရိ မြို့နယ် သီးသန့်တရားရုံးက မနေ့က အမိန့်ချမှတ်လိုက်ပြီး အလားတူ သမ္မတဦးဝင်းမြင့်ကိုလည်း အဲဒီ ပုဒ်မနှစ်ခုအတွက် ထောင်ဒဏ်လေးနှစ်ကျခံဖို့ အမိန့်ချမှတ်ခဲ့တာပါ။

အခုလို နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို မြန်မာစစ်တပ်က ထိန်းချုပ် ထားတဲ့ တရားရုံးကနေ ထောင်ဒဏ်တွေ ချမှတ်လိုက်တာကို ကန့်ကွက်ရှတ်ချကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး မီရှဲလ် ဘက်ချလက်က ကြေညာချက် ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

“မြန်မာနိုင်ငံရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်ရှိကြောင်း ဆုံးဖြတ်ပြီး စီရင်ချက် ချမှတ်လိုက်တာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး မီရှဲလ် ဘက်ချလက်က ပြင်းပြင်းထန်ထန် ဆန့်ကျင် ကန့်ကွက်ပါတယ်။ မြန်မာစစ်တပ်က ထိန်းချုပ်ထားတဲ့ တရားရုံးကနေ နိုင်ငံတကာ စံနှုန်းတွေနဲ့ မညီညွတ်တဲ့ ဟန်ပြ ကြားနာစစ်ဆေးမှုတွေ ပြုလုပ်ပြီး ဒီစီရင်ချက်ကို ချမှတ် လိုက်တာဖြစ်ပါတယ်။ အခုလို ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်ချမှတ်လိုက်တာကြောင့် စစ်တပ်က အာဏာသိမ်းထားတာကို ဆန့်ကျင်မှုတွေ ပိုပြီး ပြင်းထန်လာဖို့ပဲ ရှိပါတယ်။”

ဒါကတော့ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာအခြေစိုက် ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး ရုံးက ပြောခွင့်ရ ပုဂ္ဂိုလ် အမျိုးသမီး Ravina Shamdasani က ပြောသွားတာပါ။

ဒါ့အပြင် မနေ့က ထုတ်ပြန်တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး မီရှဲလ် ဘက်ချလေးရဲ့ ကြေညာချက် ထဲမှာ ဒီစီရင်ချက်ဟာ မြန်မာစစ်တပ်ဟာ တရားရုံးတွေကို အသုံးချပြီး နိုင်ငံရေး အတိုက်အခံတွေကို ရှင်းလင်းဖို့ ကြိုးစားနေတာဖြစ်ကြောင်းနဲ့ ဒီလို အမှုတွေကြောင့် စစ်တပ်ကနေ အာဏာသိမ်းပြီး နိုင်ငံကို တရားမဝင် အုပ်ချုပ်နေတာ တရားဝင် ဖြစ်လာမှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။

အလားတူပဲ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အင်ဒရူးကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို ထောင်ဒဏ်တွေ ချမှတ်လိုက်တာကို ရှုတ်ချကြောင်း မနေ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ဒီနေ့ ချမှတ်လိုက်တဲ့ စီရင်ချက်ဟာ မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှု လုံးဝမရှိတော့တာကို ပြသနေ ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ဟာ ဓားစာခံတွေပါ။ ရာဇဝတ်ကောင်တွေ မဟုတ်ပါဘူး။ သူတို့ဟာ သူတို့ရဲ့ အခြေခံ လူ့အခွင့်အရေးတွေကို ကျင့်သုံးခဲ့တဲ့အတွက် မျှတမှုမရှိတဲ့ တရားစီရင်ရေး စနစ်အောက်ကနေ အပြစ်ရှိကြောင်း ဆုံးဖြတ်ခံခဲ့ရတာပါ။ ဒါကို တကယ် စစ်မှန်တဲ့ တရားရုံး ကြားနာ စစ်ဆေးမှုအဖြစ် မရှုမြင်သင့်ပါဘူးလို့ မစ္စတာ တွမ်အင်ဒရူးက မနေ့က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ပြောဆိုထားပါတယ်။

"ဒီ တရားရုံးဟာ လွတ်လပ်မှုမရှိဘဲ စစ်ခေါင်းဆောင်တွေရဲ့ အမိန့်အတိုင်း အကောင်အထည်ဖော်နေတာ သံသယ ဖြစ်စရာ မရှိပါဘူး။"

အခုလို စီရင်ချက် ချလိုက်တာကြောင့် ကမ္ဘာ့နိုင်ငံတွေအနေနဲ့ ရာဇဝတ်ဂိုဏ်းတစ်ခုနဲ့ ဘာမှ မကွာခြားတော့တဲ့ အာဏာသိမ်း စစ်ကောင်စီကို ပြင်းပြင်းထန်ထန် တုံ့ပြန်ဖို့ လိုအပ်နေတာကို ပြသနေတယ်လို့လည်း မစ္စတာ တွမ်အင်ဒရူးက ပြောဆိုလိုက်ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကန်ကလည်း မြန်မာစစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို မတရားသဖြင့် စီရင်ချက်ချလိုက်တာ နဲ့ အခြား ဒီမိုကရေစီ နည်းကျ ရွေးကောက်ခံထားရတဲ့ ခေါင်းဆောင် တွေကို ဖိနှိပ်နေတာတွေဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ နဲ့ တရားမျှတမှု အပေါ် ထပ်ပြီး ပြောင်ပြောင် တင်းတင်း စော်ကားလိုက်တာဖြစ်တယ်လို့ မနေ့က ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ မတရားသဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အခြားဒီမိုကရေစီနည်းကျ ရွေးကောက်ခံ ကိုယ်စားလှယ် အားလုံးကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ နဲ့ အာဆီယံနဲ့ရထားတဲ့ သဘော တူညီချက် ငါးရပ်ထဲမှာ ပါတဲ့အတိုင်း သက်ဆိုင်သူ အားလုံးနဲ့ အပြုသဘောဆောင်တဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်ပြီး ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ အာဏာသိမ်း စစ်ကောင်စီကို တောင်းဆိုကြောင်း နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။

လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေး အဖွဲ့ HRW က Phil Robertson ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ခုလို ထောင်ဒဏ်ချမှတ်လိုက်တဲ့ တရားရုံးဟာ လွတ်လပ်တဲ့ တရားရုံးမဟုတ်တဲ့အပြင် စွဲဆိုထားတဲ့ စွဲချက်တွေကလည်း နောက်နောင် နိုင်ငံရေးမှာ ဝင်ပါလို့ မရတော့အောင် ချုပ်နှောင်ထားဖို့ ရည်ရွယ်ပြီး လုပ်ကြံဖန်တီးထားတဲ့ စွဲချက်တွေသာဖြစ်တယ်လို့ သုံးသပ်ပါတယ်။

“အာဏာသိမ်းထားတဲ့ စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံဖန်တီးထားတဲ့ စွဲချက်တွေနဲ့ အမှုဆင်ပြီး ထောင်ဒဏ်ချမှတ်လိုက်တာ အံ့သြစရာ မရှိပါဘူး။ ဒီအမှုဟာ အစကတည်းက ၁၀၀ ရာခိုင်နှုန်း နိုင်ငံရေးရည်ရွယ်ချက်နဲ့ စွဲဆိုခဲ့တာဖြစ်ပါတယ်။ စစ်တပ်က သူတို့ရဲ့အုပ်စိုးမှုကို မယှဉ်ပြိုင်နိုင်တော့အောင် ဒေါ်အောင်ဆန်းစုကြည်ကို ချုပ်နှောင်ထားဖို့ ရည်ရွယ်ပြီးလုပ်ခဲ့တာ ထင်ရှားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ မျှတတဲ့တရားစီရင်မှု မရခဲ့တာ သေချာပါတယ်။ တရားရုံးက ဒီအမှုကို လျှို့ဝှက်ပြီး စစ်ဆေးခဲ့ပါတယ်။ အမှုအခြေအနေအကြောင်း အများပြည်သူကို မပြောဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေကို အမိန့်ထုတ်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း သူ့ရဲ့ ရှေ့နေနဲ့ လွတ်လွတ်လပ်လပ် တိုင်ပင်ခွင့် မပေးခဲ့ပါဘူး။ အမှုကိုလည်း အမြန်ဆုံး စစ်ဆေးပြီး စီရင်ချက် ချခဲ့တယ်။ အဆိုးဆုံးကတော့ ဒီတရားရုံး နဲ့ တရားသူကြီးဟာ လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ သူမျိုး မဟုတ်ပါဘူး။ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးစနစ်ဟာ စစ်တပ်ကနေ လိုသလို ထိန်းချုပ်ချယ်လှယ် ခံနေရတာ ကြာလှပါပြီ။ ဒီ တရားရုံးဟာ လွတ်လပ်မှုမရှိဘဲ စစ်ခေါင်းဆောင်တွေရဲ့ အမိန့်အတိုင်း အကောင်အထည်ဖော်နေတာ သံသယ ဖြစ်စရာ မရှိပါဘူး။”

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ စွဲချက်တွေဟာလည်း နိုင်ငံသား တစ်ဦးအနေနဲ့က လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ စုဝေးခွင့်စတဲ့ အခြေခံ လူ့အခွင့်အရေးတွေကို ကျင့်သုံးခဲ့တာသာဖြစ်ပြီး ရာဇဝတ်မှုမဟုတ်ကြောင်း နဲ့ စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ရှေ့လျှောက် နိုင်ငံရေးမှာ မပါဝင် နိုင်တော့အောင် ထိန်းချုပ်ဖို့ ကြိုးပမ်းမှုသာ ဖြစ်တယ်လို့ Phil Robertson က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။