ဟံသာဝတီဦးဝင်းတင် တစ်နှစ်ပြည့် ပွဲ အပြာရောင်ဝတ်ဆင် လှုပ်ရှား မည်


2015.04.15
uwintin-funeral-305 ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ထိုးထားတဲ့ လွမ်းသူ့ပန်းခြင်းအား NLD ရုံးချုပ်မှာ ပြင်ဆင်ထားတာကို ၂ဝ၁၄ ခုနှစ် ဧပြီလ ၂၂ ရက်နေ့က တွေ့ရစဉ်
photo: Win Naing/RFA

လာမယ့် ဧပြီ ၂၁ ရက်နေ့မှာ ကျရောက်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိ အဖွဲ့ဝင်ဟောင်း သတင်းစာဆရာကြီး ဦးဝင်းတင် ကွယ်လွန်ခြင်း တစ်နှစ်ပြည့် အခမ်းအနားကို တက်ရောက်မယ့်သူတွေက အပြာရောင်ဝတ်ဆင်တဲ့လှုပ်ရှားမှု ပြုလုပ်မှာဖြစ်တယ်လို့ အခမ်းအနားကျင်းပရေးကော်မတီ က ပြောပါတယ်။

ဆရာကြီး ဦးဝင်းတင်ဟာ ထောင်အင်္ကျီအပြာကို သေတဲ့ အထိဝတ်ဆင်ခဲ့တာကြောင့် ဆရာကြီး ဂုဏ်ပြုတဲ့ အနေ နဲ့ နှစ်ပတ်လည်အခမ်းအနားမှာ တက်ရောက်မယ့် သူတွေကို အပြာရောင်ဝတ်စုံတွေ ဝတ်ဆင် ဖို့ နှိုးဆော်ထားတာဖြစ်တယ်လို့ အခမ်းအနား ကျင်းပရေးကော်မတီက ဦးထွန်းကြည် က ပြောပါတယ်။

"ဘဘကနိုင်ငံရေးအကျဉ်းသားများနဲ့ သူတို့မိသားစု အတွက်နောက်ဆုံးထွက်သက်ထိ အလုပ်လုပ်သွား တယ်၊ နောက်တစ်ခုကတိုင်းပြည်အတွက် သူတာဝန်ကျေခဲ့တယ်၊ ဆုံးပါးသွားတာတောင်မှ ထောင်အင်္ကျီကိုမချွတ်ဘဲနဲ့ တိုက်ပွဲဝင်သွားတာကို အသိမှတ်ပြုတဲ့အနေနဲ့ တန်ဖိုးထားတဲ့ အနေနဲ့ လေးစားဂုဏ်ပြုသောအားဖြင့် အပြာရောင်ဝတ်စုံကို ဝတ်လာခြင်းအားဖြင့် ဘဘကိုချစ်မြတ်နိုးရာ၊ လေးစားရာ၊ ဂုဏ်ပြုရာရောက်တယ်လို့ အလေးအနက်ခံယူလို့ အပြာရောင်ကို ဝတ်ဆင်မှာပါ"

ဆရာကြီးဦးဝင်းတင် ကွယ်လွန်ခြင်း တစ်နှစ်ပြည့် အခမ်းအနားကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာကျင်းပမှာဖြစ်ပြီး ဆရာကြီးရေးသားခဲ့တဲ့ စာအုပ်တွေ၊ ဓာတ်ပုံတွေ၊ ပန်းချီကားတွေနဲ့ လက်ရေးစာမူတွေကို ပြသမှာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီအခမ်းအနားကို နိုင်ငံရေးပါတီတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊ ဘာသာ ပေါင်းစုံ က ခေါင်းဆောင်တွေ၊ နိုင်ငံရေးအကျဉ်းသားဟောင်းအဖွဲ့အစည်းတွေ အနည်းဆုံး ၅၀ ကျော်ကို ဖိတ်ကြားထားတယ်လို့ သိရပါတယ်။

ဟံသာဝတီဦးဝင်းတင်ဟာ ပြီးခဲ့တဲ့နှစ် ဧပြီလ ၂၁ ရက်နေ့က ရန်ကုန်ဆေးရုံကြီးမှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။