စစ်အရာရှိကြီးတွေကို ဝန်ကြီး ဦးအောင်မင်း တောင်းပန်
2014.06.21

ရန်ကုန်မြို့ စက်မှုလက်မှုလုပ်ငန်းရှင်များနဲ့ ကုန်သည် ကြီးများအသင်းချုပ် UMFCCI မှာ ထိပ်တန်းစစ်ဘွဲ့ ထူးတွေအပေါ် ဝေဖန်ပြောဆိုခဲ့တာတွေနဲ့ ပတ်သက် လို့ စစ်တပ်အကြီးအကဲတွေနဲ့ စစ်မှုထမ်းဟောင်း အရာရှိကြီးတွေကို သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ဒီကနေ့ ကြေညာချက်ထုတ် ပြန်တောင်းပန်လိုက် ပါတယ်။
UMFCCI ဟောပြောပွဲတစ်ခုမှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ပြောဆိုရာမှာ တိုင်းရင်းသား ညီအစ်ကိုအချင်းချင်း တိုက်ခိုက်ကြတာဖြစ်လို့ ဒီလိုစစ်ပွဲတွေကနေ စစ်ဖက်ဆိုင်ရာ စွမ်းရည်နဲ့ ရဲစွမ်းသတ္တိဆိုင်ရာ ထိပ်သီးဆုတံဆိပ်တွေဖြစ်တဲ့ သူရဘွဲ့၊ သီဟသူရဘွဲ့တွေ ပေးဖို့မလိုပါဘူးလို့ ထည့်သွင်းပြောဆိုခဲ့တာတွေနဲ့ ပတ်သက်ပြီး စစ်အရာရှိတွေနဲ့ အရာရှိဟောင်းတွေအကြား မကျေမနပ်ဖြစ်ခဲ့တဲ့အတွက် ဦးအောင်မင်းက အခုလို တောင်းပန်လိုက်တာဖြစ်ပါတယ်။
"UMFCCI အခမ်းအနားမှာ ကျနော်ပြောဆိုခဲ့တဲ့ စကားများအပေါ် တပ်မတော်သားများ၊ တပ်မတော်က အငြိမ်းစားယူတားသည့် ဆရာသမားများ၊ တပ်မတော်မိသားစုများက စိတ်အနှောင့်အယှက်ဖြစ်ရသည်ကို သိရ၏၊ ဒီနေရာမှ အနူးအညွှတ်တောင်းပန်အပ်ပါသည်၊ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်မှာ ကျနော့်အနေနဲ့ ဆောင်ရွက်နိုင်တာမှန်သမျှကို အစွမ်းကုန်ကြိုးစားပြီး ဆက်လက်ဆောင်ရွက်သွားပါ့မယ်လို့ ကတိပြုပြောကြားလိုပါတယ်၊ အားလုံးကိုကျေးဇူးတင်ပါတယ် ခင်ဗျာ"
စစ်အစိုးရလက်ထက် ပဲခုူးတိုင်း စစ်တိုင်းမှူးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဗိုလ်ချုပ်ဟောင်းတစ်ဦးဖြစ်တဲ့ ဦးအောင်မင်းက တပ်မတော်မှာ သူတာဝန်ထမ်းဆောင်စဉ်က တာဝန်ဝတ္တရားကျေပွန်ခဲ့ပြီး သစ္စာစောင့်သိခဲ့သလို နောင်မှာလည်း သစ္စာဖောက်မှာမဟုတ်ဘူးလို့ ပြောကြားထားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး လက်ရှိစစ်တပ်အကြီးအကဲ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုလည်း လူကိုယ်တိုင် သွားရောက်တောင်းပန်ခဲ့တယ်လို့ ပြည်တွင်းထုတ် သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။
လက်ရှိအရပ်သားအစိုးရလက်ထက် စစ်တပ်အရာရှိကြီးတွေကို တာဝန်ထမ်းဆောင်ဆဲ ဝန်ကြီးတစ်ဦးက လူသိရှင်ကြား တောင်းပန်တာဟာ အခုတစ်ကြိမ်ဟာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။
တပ်မတော်မိသားစုကို တောင်းပန်ကြောင်း ဝန်ကြီး ဦးအောင်မင်းက မီဒီယာတွေကို မနေ့က ထုတ်ပြန်ပေးပို့လိုက်တဲ့ အသံဖိုင်အပြည့်အစုံကို နားဆင်နိုင်ပါတယ်။