အောက်တိုဘာလကုန်မှာ တစ်နိုင်ငံလုံးအပစ်ရပ် လက်မှတ်ရေးထိုးမည်
2014.09.06

တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲကို လာမယ့် အောက်တိုဘာလကုန်မှာ နေပြည်တော်မှာ ကျင်းပသွားမယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း က ပြောပါတယ်။
ဒီနေ့ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ဝန်ကြီးဦးအောင်မင်းက RFA ကို အခုလို ပြော လိုက်တာပါ။
"ကျနော်တို့ ဆွေးနွေးရန်ကျန်တာကတော့ ၁ဝ ချက်လောက်ပဲ ကျန်တော့တယ်၊ အဲဒီ့ ၁ဝ ချက်လောက် ကိုပဲ ကျနော်တို့က လာမယ့် စက်တင်ဘာလ ၂၂၊ ၂၃၊ ၂၄ မှာ ဆွေးနွေးချင်ပါတယ်ဆိုပြီးတော့ ကျနော်တို့က စာပို့တယ်၊ သူတို့ဖက်ကတော့ အဖြေမရသေးဘူး၊ အဲ့နေ့မှာ ဆွေးနွေးပွဲဖြစ်သွားလို့ရှိရင် တတိယမူကြမ်း ထဲက ကျန်တဲ့ ၁ဝ ချက်လောက်ကို ကျနော်တို့ က ဆွေးနွေးမယ်၊ ဆွေးနွေးလို့ အားလုံးသဘောတူသွားပြီ ဆိုလို့ရှိရင်တော့ လက်မှတ်ရေးထိုးမယ့်ရက်ကို ကျနော်တို့ သတ်မှတ်မယ်၊ လက်မှတ်ရေးထိုးတာကလည်း ကျနော်မှန်းကြည့်တာကတော့ အောက်တိုဘာ လကုန်လောက်မှာပဲ ဖြစ်မယ်လို့ ဒီလိုပဲမှန်းပါတယ်"
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ UPWC နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ဖွဲ့စည်းထားတဲ့ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT တို့ဟာ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ဖို့အတွက် တတိယမူကြမ်းကို လာမယ့် စက်တင်ဘာလ ၂၃ ရက်နေ့မှာ အပြီးသတ်ဆွေးနွေးသွားမယ်လို့ သိရပါတယ်။
အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးရင် လာမယ့်နှစ် ဇန်နဝါရီလလောက်မှာ အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအပြင် နိုင်ငံရေးပါတီတွေ အတော်များများပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲကို စတင်နိုင်မယ်လို့ ခန့်မှန်းကြောင်းလည်း ဝန်ကြီး ဦးအောင်မင်းက ပြောပါတယ်။