နိုင်ငံရေး ဆွေးနွေးပွဲကြီးဖြစ်ဖို့ ပါတီများအားလုံး ကူညီစေလို


2014.08.11
uaungmin-party-305.jpg ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ သြဂုတ်လ ၁၁ ရက်နေ့က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ နိုင်ငံရေးပါတီ ၆၆ ပါတီက ကိုယ်စားလှယ်တွေ တွေ့ဆုံကြစဉ်
Photo: Kyaw Zaw Win, Wai Yan Moe Myint/RFA

တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲပြီး ရက်ပေါင်း ၆၀ အကြာ မှာ အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ နိုင်ငံရေးပါတီတွေအားလုံးပါဝင်မယ့် နိုင်ငံရေးဆွေးနွေး ပွဲဖြစ်ဖို့အတွက် နိုင်ငံရေးပါတီတွေက ပူးပေါင်းပါဝင်ကြ ဖို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ ဝန်ကြီး ဦးအောင်မင်း က ဒီကနေ့ ဖိတ်ခေါ်လိုက်ပါတယ်။

ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ နိုင် ငံရေးပါတီ ၆၆ ပါတီတွေ့ဆုံပွဲမှာ ဝန်ကြီးဦးအောင်မင်းက အခုလို ဖိတ်ခေါ်ခဲ့တာဖြစ်ပါတယ်။

"၂ဝ၁၅ ခုနှစ်အတွင်း မည်သည့်အစိုးရအဖွဲ့တက် တက် လက်ရှိချထားတဲ့ ငြိမ်းချမ်းရေးအုတ်မြစ်ကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင် မှာ ဖြစ်ပါတယ်၊ ဒီအတွက် နိုင်ငံရေးပါတီတွေက တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် အားပေး တာ အကြံပေးတာ ဝေဖန်တာတွေ အားလုံးလုပ်နေပါတယ်၊ ဒါပေမဲ့ ဆွေးနွေးပွဲတွေကတော့ တရားဝင်နိုင်ငံရေး ပါတီတွေ ပါဝင်ခွင့်မရရှိခဲ့ပါဘူး၊ အခုတော့ မူဘောင်ရေးဆွဲရေး လုပ်ငန်းစဉ်တွေကနေ ခင်ဗျားတို့စပြီးတော့ ပါဝင်တာဝန်ယူ တာဝန်ခံရတော့မှာဖြစ်ပါတယ်"

ဒီတွေ့ဆုံပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ စတဲ့ နိုင်ငံရေးပါတီ ၆၆ ပါတီက ကိုယ်စားလှယ်တစ်ဦးစီ တက်ရောက်ခဲ့ပြီး  အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား ကြိုးပမ်းနေတဲ့ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးလုပ်ငန်းစဉ်အပေါ် ရှင်းပြတာဖြစ် ပါတယ်။

လာမယ့် သြဂုတ်လ ၁၅ရက်နေ့မှာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဟာ ရန်ကုန်မြို့ မြန်မာ ငြိမ်းချမ်းရေးစင်တာမှာ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးဖို့အတွက် မူကြမ်းတစ်ခုရအောင် ထပ်မံဆွေးနွေးကြမှာဖြစ်ပြီး လာမယ့် စက်တင်ဘာလထဲမှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေး ထိုးနိုင်မယ်လို့ ဝန်ကြီးဦးအောင်မင်းက ပြောထားပါတယ်။

ဝန်ကြီးဦးအောင်မင်းနဲ့ နိုင်ငံရေးပါတီ ၆၆ ပါတီတွေ့ဆုံပွဲနဲ့ပတ်သက်ပြီး  RFA သတင်းထောက် မဝေယံမိုးမြင့်က စုစည်းတင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။