ဦးအောင်သောင်းအပေါ် အမေရိကန် နာမည်ပျက် စာရင်းသွင်းမှု လွှတ်တော်ရှှုတ်ချ


2014.11.10
uaungthaung-305 ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်း ကို တွေ့ရစဉ်
Photo: Myo Thant Khaing/RFA

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်း ကို အမေရိကန်ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ပ ပိုင်ဆိုင်မှုများ ထိန်းချုပ်ရေးရုံးက စီးပွားရေးပိတ်ဆို့ တားမြစ်အရေးယူတဲ့ နာမည်ပျက်စာရင်းမှာ ထည့်သွင်းကြေညာတာကို ကန့်ကွက်ကြောင်းနဲ့ အရေးယူမှုဖြစ်အောင် ဖန်တီးသူတွေကို ရှုတ်ချကြောင်း ဒီနေ့ ပြည်ထောင်စုလွှတ်တော်က ကြေညာချက်ထုတ် ခဲ့ပါတယ်။

ဦးအောင်သောင်းအပေါ် ပိတ်ဆို့အရေးယူတာဟာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဂုဏ်သိက္ခာနဲ့ အမေရိကန်နဲ့ မြန်မာ နှစ်နိုင်ငံဆက်ဆံရေးမှာ ထိခိုက်မှုတွေမဖြစ်အောင် အမေရိကန်အစိုးရရဲ့ အရေးယူမှုကို ပြည်ထောင်စုလွှတ်တော်က ကန့်ကွက်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက အခုလိုဖတ်ပြခဲ့ပါတယ်။

"ဦးအောင်သောင်းသည် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွဲ့ဖြိုးတိုးတက်ရေး တာဝန်ထမ်းဆောင်နေချိန်ဖြစ်သကဲ့ သို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တစ်ဦးလည်းဖြစ်ပါတယ်၊ လွှတ်တော်အသီးသီးနှင့် လွှတ်တော်ကော်မတီများ၏ ဂုဏ်သိက္ခာကိုလည်းကောင်း၊ လွှတ်တော်အသီးသီးမှ အလေးအနက် ထား ဆောင်ရွက်လျှက်ရှိသည့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အမျိုးသား ပြန်လည်ပေါင်း စည်းရေး ၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်များကိုလည်းကောင်း၊ တိုးတက်ကောင်း မွန်လျှက်ရှိသည့် အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံတို့၏ ဆက်ဆံရေးကို လည်းကောင်း၊ မလိုလားအပ်သောထိခိုက်မှှုများ မဖြစ်ပေါ်စေရေးအတွက် ပြည်ထောင်စု လွှတ်တော်သည် သတင်း ထုတ်ပြန်ချက်ကို ကန့်ကွက်ပါကြောင်းနဲ့ ဒီလိုဖြစ်ရပ်မျိုးအပေါ် ဖန်တီးလုပ်ကိုင်သူများနဲ့ လုပ်ဆောင်မှှုများ ကို ရှှုတ်ချကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်"

ဒီနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်နဲ့ ပြည်ထောင်စုလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဝင်းနဲ့ ဦးဝင်းသန်းက အမေရိကန်အစိုးရရဲ့ အရေးယူမှုကို ကန့်ကွက်ပေးဖို့နဲ့ သတင်းပေးသူတွေကို ရှုတ်ချဖို့ အရေးကြီး အဆိုတွေ တင်သွင်းခဲ့တာဖြစ်ပါတယ်။

အဲ့ဒီအဆိုတွေကိုလွှတ်တော်မှာ ကန့်ကွက်မယ့်သူမရှိတာကြောင့် ပြည်သူ့လွှတ်တော်နဲ့ ပြည်ထောင်စု လွှတ်တော်တွေက အတည်ပြုပြီး ကြေညာချက်ထုတ်ခဲ့တာပါ။

ဒီအကြောင်းနဲ့ပတ်သက်ပြီး RFA သတင်းထောက် ကိုကျော်သူ စုစည်းတင်ပြထားတာကိုလည်း တဆက်တည်း နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။