ဖျက်သိမ်းခံရတဲ့ UDP ပါတီ အယူခံဝင်ဖို့ပြင်နေ

အောင်သိင်္ခ၊ နေမျိုးထွန်း
2020.10.20

နှင်းဆီပါတီ လို့ခေါ်တဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီ UDP ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖျက်သိမ်းတဲ့အပေါ်  ပါတီဘက်က အယူခံဝင်သွားမယ်လို့ ပါတီအထွေထွေအတွင်းရေးမှူး ဦးကျော်စွာထက်ဦးက ပြောလိုက်ပါတယ်။

ပါတီဝင်အင်အား ခြောက်သိန်းကျော်ရှိပြီး  လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ထောင်ကျော် ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရရှိထားတဲ့   UDP ပါတီကို ဖျက်သိမ်းလိုက်ပြီလို့ အောက်တိုဘာ ၁၇ ရက်မှာ UEC က ကြေညာလိုက် ပေမယ့် ကိုယ်စားလှယ်လောင်းတွေအနေနဲ့ အယူခံဝင်သွားမယ်လို့ UDP ပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးကျော်စွာထက်ဦးက ပြောပါတယ်။

ပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ဟာ ထောင်ပြေးမှုနဲ့ အမှုရင်ဆိုင်နေရပြီး ငွေကြေးခဝါချမှု ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင် ဥပဒေ၊ လူဝင်မှုကြီးကြပ်ရေး ဥပဒေတွေနဲ့ ငြိစွန်းတဲ့အတွက် အရေးယူဖို့ ဆောင်ရွက်နေတယ်လို့ အောက်တိုဘာလ ၁၅ ရက်နေ့က နေပြည်တော် သမ္မတအိမ်တော် သတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က ပြောကြားခဲ့ပါတယ်။

ပါတီကို ဖျက်သိမ်းသလို ကိုယ်စားလှယ်လောင်းအမည်တွေကို ပယ်ဖျက်လိုက်တာဖြစ်ပါတယ်။

အယူခံဝင်တဲ့လုပ်ထုံးလုပ်နည်း ပြဌာန်းထားတဲ့ မရှိတဲ့အတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထည့်သွင်းစဉ်းစားမှာမဟုတ်ဘူးလို့ မိတ္ထီလာမြို့က တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်းက သုံးသပ်ပါတယ်။

“ဦးဇော်ဌေးရဲ့ စကားလုံးအရ သုံးရင် ကနဦးတွေ့ရှိချက်အရ ဒီငွေတွေဟာ တရားမဝင်ငွေကြေးတွေဖြစ်တယ်။ အဲဒီငွေကြေးတွေကို ပါတီလုပ်ငန်းနဲ့ ဒီပါတီကိုယ်စားလှယ်တွေက အသုံးပြုနေတယ်ဆိုတဲ့ ကနဦးစစ်ဆေး ချက်တွေအရဆိုရင်တော့ ဘယ်လိုနည်းနဲ့မှ သူတို့အတွက် နောက်ထပ်အခွင့်အရေးမရှိတော့ဘူး။ ဒါက လက်ရှိ ဥပဒေအရ ငြိစွန်းနေတာဆိုတော့။ နောက်တစ်ခုက အယူခံတက်ခွင့်နဲ့ ပတ်သက်ပြီးတော့ လုပ်ထုံးလုပ်နည်း မရှိဘူးလေ။ သူ့ရဲ့ ကျင့်ထုံး လုပ်ထုံးလုပ်နည်း ပြဌာန်းထားတာမရှိဘူး။ ဒါကြောင့် အဲဒါကလည်း မဖြစ်နိုင်ဘူး လို့ ယူဆတယ်။ ပါတီသိက္ခာအရ ပုဂ္ဂိုလ်ရေးသိက္ခာအရ လုပ်ထုံးလုပ်နည်းတွေအရ အယူခံတင်ချင်လည်း တင်မှာပေါ့။ ဒါပေမဲ့ မျှော်လင့်ချက်မရှိဘူးလို့ပဲ သုံးသပ်ပါတယ်။”

ပါတီဖျက်သိမ်းခံရပြီး ကိုယ်စားလှယ်လောင်းတွေကိုပါ ပယ်ဖျက်လိုက်တဲ့အပေါ် ရွေးကောက်ပွဲအတွက် ပြင်ဆင်ထားတဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထွန်းအောင်က သူတို့နစ်နာ ခဲ့ရတာတွေကို ပြောပါတယ်။

ပါတီဥက္ကဋ္ဌ ဦးကျော်မြင့်(ခေါ်) ဝှါးဟူဟာ ငွေကြေးခဝါခံမှုနဲ့ ၁၉၉၉ ခုနှစ်ဖမ်းဆီးခံခဲ့ရပြီး မန္တလေးထောင်ကနေ ထွက်ပြေးသွားခဲ့တာပါ။ ၂၀၁၃ - ၁၄  ခုနှစ်မှာ မြန်မာနိုင်ငံ ပြန်လည်ရောက်ရှိလာခဲ့တာပါ။

ဥက္ကဋ္ဌကိုယ်တိုင်က အခုလိုဥပဒေချိုးဖောက်မှုမျိုးတွေ လုပ်ဆောင်ခဲ့တဲ့အတွက် ပါတီအပေါ်  စိတ်ပါဝင်စားမှု မရှိတော့ဘူးလို့ ပန်းဘဲတန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမြင့်သန်းက ပြောပါတယ်။

UDP ပါတီက ဝင်ရောက်ယှဉ်ပြိုင်မယ့် ပန်းဘဲတန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးနေမျိုးဝင်းကလည်း သူဝါသနာပါတဲ့ ပညာဒါနလုပ်ငန်းတွေကို ပိုပြီး အားသွန်ခွန်စိုက်လုပ်ကိုင်သွား မယ်လို့ ပြောပါတယ်။

UDP ပါတီဟာ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲ၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အခု ၂၀၂၀ ရွေးကောက်ပွဲမှာလည်း ပါတီဝင်အင်အား ဒုတိယအများဆုံးနဲ့ ဝင်ရောက်ယှဉ်ပြိုင်ဖို့ လုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

ကရင်ပြည်နယ် မြဝတီမြို့မှာလည်း  UDP ပါတီဝင်တချို့ဟာ သူတို့နှစ်သက်တဲ့ပါတီကို ဝန်းရံဖို့ ပြင်ဆင်နေတယ်လို့ ဒေသခံတွေပြောပြချက်အရသိရပါတယ်။

------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေနဲ့ သတင်းပေးပို့ချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။