သတ်မှတ်ကာလအတွင်း ရုံးခန်းနဲ့ ပါတီဝင်မပြည့်ရင် ပါတီဖျက်သိမ်းမယ်လို့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌပြော
2023.10.29

မှတ်ပုံတင်ခွင့်ရထားတဲ့ နိုင်ငံရေးပါတီတွေအနေနဲ့ သတ်မှတ်ကာလအတွင်းမှာ ပါတီရုံးခန်းတွေဖွင့်ဖို့နဲ့ ပါတီဝင်ဦးရေမပြည့်ရင် ပါတီဖျက်သိမ်းမယ်လို့ စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးက ပြောပါတယ်။
အောက်တိုဘာလ ၂၇ ရက်က ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ နိုင်ငံရေးပါတီ ခုနစ်ပါတီက တိုင်းအဆင့် ပါတီဥက္ကဋ္ဌတွေ၊ တာဝန်ခံတွေနဲ့တွေ့ဆုံချိန်မှာ အခုလိုပြောခဲ့တာပါ။
စစ်ကောင်စီက နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်မှာ ပြဋ္ဌာန်းခဲ့ပါတယ်။
အဲဒီဥပဒေရဲ့ ပုဒ်မ - ၅ (စ)မှာ ပါတီမှတ်ပုံတင်ခွင့်ပြုပြီး ရက်ပေါင်း ကိုးဆယ်အတွင်းမှာ နိုင်ငံတစ်ဝန်းစည်းရုံးမယ့် ပါတီတွေအနေနဲ့ ပါတီဝင်အင်အား တစ်သိန်းနဲ့ တိုင်း သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း စည်းရုံးမယ့်ပါတီဟာ ပါတီဝင်အင်အားအနည်းဆုံး တစ်ထောင် စုဆောင်းရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။
ပုဒ်မ - ၅ (ဇ) မှာတော့ ပါတီမှတ်ပုံတင်ခွင့်ရတဲ့နေ့ကစလို့ ရက်ပေါင်း ၁၈၀ အတွင်း နိုင်ငံတစ်ဝန်းစည်းရုံးမယ့်ပါတီအနေနဲ့ မြိုနယ်အားလုံးရဲ့ ထက်ဝက်ကို ရုံးခန်းဖွင့်ဖို့နဲ့ တိုင်း သို့မဟုတ် ပြည်နယ်အဆင့် စည်းရုံးမယ့် ပါတီတွေအနေနဲ့ အနည်းဆုံး ငါးမြို့နယ်မှာ ပါတီရုံးခန်းတွေ ဖွင့်ရမှာဖြစ်ပါတယ်။
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီရဲ့ နိုင်ငံရေးကော်မတီ တာဝန်ခံ ဦးခင်မောင်သိန်းကတော့ အရင်ကတည်းကရှိပြီးသား ပါတီတွေအနေနဲ့ ပါတီဝင်အင်အား တစ်သိန်းကျော်ရှိဖို့ဆိုတာ မခက်ခဲပေမယ့် နိုင်ငံရေးပါတီအသစ်တွေအတွက် အချိန်မလုံလောက်မှု ကြုံနိုင်တယ်လို့ RFA ကိုပြောပါတယ်။
"နိုင်ငံရေးပါတီဝင်စာရင်းတွေက မြို့နယ်အလိုက် လူဝင်မှုကြီးကြပ်ရေးက လူစာရင်းနဲ့တိုက်စစ်ရတာ။ ဒါက ရွေးကောက်ပွဲကော်မရှင်က ကြီးကြပ်တာပေါ့လေ။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီကတော့ ပါတီဝင်အင်အား တစ်သိန်းစာရင်းကို လုံလုံလောက်လောက်တင်ပြီးပြီ။ ရုံးခန်းတွေလည်းဖွင့်ဖို့လုပ်နေတယ်။ တချို့ပါတီတွေကျတော့ အချိန်အကန့်အသတ်ရှိနိုင်တယ်"
ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးကတော့ နိုင်ငံရေးပါတီတွေကို ဒီလိုစီစစ်ရတာဟာ ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာအားကောင်းလာစေဖို့လို့ အောက်တိုဘာလ ၂၇ ရက်က ပုသိမ်မှာလုပ်တဲ့တွေ့ဆုံပွဲမှာ ပြောခဲ့ပါတယ်။
စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ အောက်တိုဘာလ ၂၀ ရက်အထိ နိုင်ငံရေးပါတီ ၃၇ ပါတီကို မှတ်ပုံတင်ခွင့်ပြုထားပါတယ်။