ကြားဖြတ်ရွေးကောက်ပွဲအတွက် ကော်မရှင်နဲ့ ပါတီတွေ တွေ့ဆုံ


2018.08.24
uec-622 နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး အဆောက်အအုံ အဝင်ဝကို တွေ့ရစဉ်
Photo: RFA

လာမယ့် ၂ဝ၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလအတွင်း မဲဆန္ဒနယ်မြေတွေမှာ ယှဉ်ပြိုင်ဖက်ပါတီတွေ ထိပ်တိုက်တွေ့ဆုံပြီး ပြဿနာ မဖြစ်ပွားစေဖို့၊ အကြမ်းဖက်မှုတွေ မရှိစေဖို့အတွက် ဗဟိုကနေ မြို့နယ်အဆင့်အထိ ရွေးကောက်ပွဲဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့တွေ ဖွဲ့စည်း ဆောင်ရွက်သွားမယ်လို့ ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီတွေကို ဒီနေ့ အသိပေးလိုက်ပါတယ်။

နေပြည်တော်က ရွေးကောက်ပွဲကော်မရှင်ရုံးမှာ ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးပါတီ ၂၄ ပါတီက ခေါင်းဆောင်တွေ၊ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေနဲ့ တွေ့ဆုံရာမှာ အခုလို အသိပေးလိုက်တာလို့ တွေ့ဆုံပွဲတက်ရောက်ခဲ့တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောပါတယ်။

“ကျနော်တို့ ပြည်ထောင်စုအဆင့်ကနေ တိုင်း၊ ခရိုင်၊ မြို့နယ်အလိုက် “ရွေးကောက်ပွဲဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့” ဆိုပြီးတော့ အဖွဲ့ခွဲတွေ အဆင့်ဆင့်ဖွဲ့ပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်ခင်ဗျ။ အစိုးရအဖွဲ့ ဝန်ထမ်းတွေပါမယ်၊ နောက်.. ကော်မရှင်အဖွဲ့ပါမယ်၊ ဝင်ပြိုင်မယ့် နိုင်ငံရေးပါတီတွေ ပါမယ်။ ဝင်ပြိုင်မယ့်ပါတီတောင်မှ အနည်းဆုံး သုံးနေရာဝင်ပြိုင်မယ့် နိုင်ငံရေးပါတီ ၇ ခု၊ တစ်နေရာ နှစ်နေရာ ဝင်ပြိုင်မယ့် ပါတီတွေတော့ ပါချင်မှ ပါပါလိ့မ်မယ်။ ဒါ ဗဟိုအဆင့်မှာ ကျနော် ပြောတာနော်”

မြေပြင်အောက်ခြေမှာရှိတဲ့ ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်တိုင်းကို တန်းတူဆက်ဆံဖို့နဲ့ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ဥပဒေနဲ့အညီ တရားမျှတအောင် ဆောင်ရွက်ပေးဖို့ ပါတီတွေက တင်ပြခဲ့ကြပါတယ်။

ကိုယ်စားလှယ်လောင်းတွေအနေနဲ့ လာမယ့် စက်တင်ဘာလ ၃ ရက်နေ့ကစပြီး ရက်ပေါင်း ၆ဝ ကြာ မဲဆွယ်စည်းရုံးခွင့် ရမှာဖြစ်ကြောင်းနဲ့၊ စက်တင်ဘာလအတွင်းမှာ ဒုတိယအကြိမ် မဲပေးခွင့်ရှိသူစာရင်းကို ထုတ်ပြန်ကြေညာပေးသွားမှာ ဖြစ်တယ်လို့လည်း ကော်မရှင်က နိုင်ငံရေးပါတီတွေနဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေကို တရားဝင် အသိပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၁၇ ကြားဖြတ်ရွေးကောက်ပွဲကာလတုံးက ရွေးကောက်ပွဲကျင်းပဖို့ တစ်ရက်အလို Silence Day မှာ NLD ပါတီတာဝန်ရှိသူတွေက နိုင်ငံပိုင် မီဒီယာတွေကနေတဆင့် မိန့်ခွန်းပြောကြားခဲ့တာတွေဟာ မဲဆွယ်စည်းရုံးရာရောက်တယ်ဆိုပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက တိုင်ကြားခဲ့ပါတယ်။

လာမယ့် ၂ဝ၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာလည်း အဲဒီလို အလားတူလုပ်ဆောင်မှာကို စိုးရိမ်ကြောင်း တင်ပြခဲ့တယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲကို နိုင်ငံရေးပါတီ ၂၄ ပါတီနဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၇ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။



မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။