ပယ်ဖျက်လိုက်တဲ့ဒေသတွေမှာ လုံခြုံရင် နိုဝင်ဘာ ရွေးကောက်ပွဲ ပြန်ကျင်းပမယ်လို့ ကော်မရှင်ပြော
2020.10.20
ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်က မြို့နယ် ၁၅ မြို့နယ်မှာ ရွေးကောက်ပွဲ ပယ်ဖျက်ဖို့ ဆုံးဖြတ်လိုက် တာဟာ ကော်မရှင်တစ်ခုတည်းရဲ့ သဘောထားနဲ့ ဆုံးဖြတ်ခဲ့တာမဟုတ်ဘဲ ပြည်ထောင်စုအစိုးရအဖွဲ့၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနတို့နဲ့ သက်ဆိုင်ရာ မြို့နယ်ရပ်ကျေးကော်မရှင်အဖွဲ့ခွဲတွေရဲ့ သဘောထား မှတ်ချက်တွေအပေါ်မှာ မူတည်ပြီး ဆုံးဖြတ်ခဲ့တာလို့ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောပါတယ်။
အဲဒီနေရာဒေသတွေမှာ အန္တရာယ်ဖြစ်စေတဲ့ကိစ္စရပ်တွေရှိမရှိ၊ ဘေးအန္တရာယ်ကင်းကင်းနဲ့ လုံခြုံစွာနဲ့ ဆန္ဒမဲ ပေးလို့ရ မရ စတဲ့ အချက်အလက်တွေပေါ် အခြေခံပြီး သက်ဆိုင်ရာဝန်ကြီးဌာနတွေရဲ့ သဘောထားမှတ်ချက်တွေ ကို သုံးသပ်ပြီးမှ အခုလို ဆုံးဖြတ်ခဲ့တာလို့ ဒီနေ့ အောက်တိုဘာ ၂၀ ရက်နေ့ နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ရုံးမှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးမြင့်နိုင်က ရှင်းပြပြောကြားပါတယ်။
"ဒါမကြေညာခင်လည်းပဲ နောက်ထပ် ဒုတိယအကြိမ် ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနတွေကို ထပ်မံပြီးတော့မှ အရင်တုံးက ပထမအကြိမ် သဘောထား မှတ်ချက်ပေးခဲ့တဲ့ အချိန်နဲ့ ခုဘာတွေ ကွဲပြားခြားနားလာသလဲ ဘယ်လိုတိုးတက်မှုရှိသလဲ ဘယ်လိုအပြောင်း အလဲတွေရှိသလဲ ကျနော်တို့မေးမြန်းခဲ့ပါတယ်။ အဲလိုမေးမြန်းခဲ့တဲ့အပေါ်မှာ သူတို့ရဲ့ သဘောထားမှတ်ချက် တွေနဲ့ သက်ဆိုင်ရာ ကျနော်တို့ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်ရဲ့ တင်ပြချက်တွေ ဒါတွေကို စုပေါင်းပြီးတော့ သုံးသပ်ကြီးတော့ ကြေညာလိုက်ခြင်းဖြစ်ပါတယ်။ အဲလိုကျင်းပတဲ့အခါမှာ အန္တရာယ်ဖြစ်စေမယ့် အကြောင်း အရာတွေ ရှိသလား မရှိသလား၊ အန္တရယ်ဖြစ်စေနိုင်သလား၊ ဘေးကင်းလုံခြုံစွာနဲ့ ဆန္ဒမဲပေးလို့ရသလား၊ အဲဒါတွေကို ကျနော်တို့ သူတို့ရဲ့ သဘောထားမှတ်ချက်တွေကို ကြည့်ပြီးတော့ သုံးသပ်ပါတယ်။"
ရွေးကောက်ပွဲ ဖျက်သိမ်းလိုက်တဲ့အထဲမှာ တိုက်ပွဲမဖြစ်ဘဲ တည်ငြိမ်အေးချမ်းမှုရှိတဲ့ နေရာတွေလည်း ပါနေတဲ့အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ဝေဖန်နေကြတဲ့အပေါ်မှာ အဖွဲ့ဝင် ဦးမြင့်နိုင်ကတော့ အဲဒီနေရာတွေမှာ ဘေးကင်းလုံခြုံပြီး အန္တရာယ်မရှိဘူးလို့ ပြန်ပြီး တင်ပြလာတာမျိုးတွေရှိရင် သက်ဆိုင်ရာဌာန တွေကို သဘောထားမှတ်ချက်ပြန်တောင်းပြီး ရွေးကောက်ပွဲကျင်းပဖို့ရှိ မရှိ ပြန်ကြေညာပေးသွားမယ်လို့ ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
လက်ရှိ ချန်လှပ်ထားတဲ့ မြို့နယ် ကျေးရွာအုပ်စုတွေမှာ ဘေးကင်းလုံခြုံပြီး မဲပေးမယ့်သူတွေအတွက် အန္တရာယ် မရှိဘူးဆိုရင် နိုဝင်ဘာ ၈ ရက်နေ့ အချိန်မီရင်၊ ၈ ရက်နေ့မှာပဲ ကျင်းပမှာဖြစ်ပြီး အချိန်မမှီခဲ့ရင်လည်း ဘေးကင်း လုံခြုံတဲ့အချိန်မှာ ဆက်ကျင်းပသွားမယ်လို့ သူက ပြောပါတယ်။
ရွေးကောက်ပွဲကော်မရှင်ရဲ့ ဒီရှင်းလင်းချက်နဲ့ ပတ်သက်ပြီး အစိုးရရဲ့သဘောထားသိနိုင်ဖို့အတွက် သမ္မတရုံး ပြောခွင့်ရသူ သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကို အင်တာနက်အွန်လိုင်းကတဆင့် စာရေးသား မေးမြန်းခဲ့ပေမဲ့ အခုအချိန်အထိ တစ်စုံတစ်ရာ ပြန်လည်ဖြေကြားခြင်း မရှိပါဘူး။
ကော်မရှင်ရဲ့ အကြောင်းပြချက်မှာ ပြည်ထဲရေးနဲ့ကာကွယ်ရေးဝန်ကြီးဌာနတွေရဲ့ မှတ်ချက်တွေလည်း ပါဝင် တယ်လို့ ပြောဆိုထားတဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒီဝန်ကြီးဌာန နှစ်ခုကို တိုက်ရိုက်စီမံခန့်ခွဲခွင့်ရှိတဲ့ တပ်မတော်ရဲ့ သဘောထားက ဘယ်လိုရှိပါသလဲ။
RFA က တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ကို ဆက်သွယ်မေးမြန်းရာမှာ အဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်း က တပ်မတော်အနေနဲ့ လုံခြုံရေးအရဆောင်ရွက်နိုင်မှု အခြေအနေ ၊ ပြည်သူလူထုတွေအနေနဲ့ မဲပေးရတဲ့အခါ အန္တရာယ်ကင်း မကင်း အခြေအနေပေါ်မှာ သဘောထားမှတ်ချက်ပေးခဲ့ပြီး ရွေးကောက်ပွဲကျင်းပဖို့ ရှိ မရှိ ဆုံးဖြတ် တာက ကော်မရှင်ကဆုံးဖြတ်တာဖြစ်ကြောင်း၊ တပ်မတော်ဘက်က သဘောထားမှတ်ချက်ပေးထားတဲ့နေရာ တွေနဲ့ ယူအီးစီ ထုတ်ပြန်တဲ့ဟာတွေမှာတော့ နေရာတချို့ ကွဲလွဲချက်ရှိတယ်လို့ ပြောပါတယ်။
"ကျနော်တို့လည်း လုံခြုံရေးနဲ့ပတ်သက်ပြီး သဘောထားမှတ်ချက်ပေးရတာရှိပါတယ်၊သုံးသပ်တဲ့အခါမှာ ဘာကိုသုံးသပ်လည်းဆိုတော့ ကျနော်တို့က လုံခြုံရေးအရ ဆောင်ရွက်နိုင်မှု၊ ပြည်သူလူထုအနေနဲ့ မဲပေး တဲ့အခါမှာ အန္တရာယ်ဖြစ် မဖြစ် ပေါ်မှာမူတည်ပြီးတော့ ကျနော်တို့က ပေးလိုက်တာဖြစ်တယ်၊ ဆုံးဖြတ် တာကတော့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ဆုံးဖြတ်ချက်အတိုင်းပဲဖြစ်ပါတယ်၊ ကျနော်ပြောလိုတာကတော့ ကျတော်တို့ဟာနဲ့ ကွဲလွဲချက်တော့ရှိပါတယ်၊ အဲဒီကွဲလွဲချက်တွေကတော့ ကျနော်တို့ထုတ်မပြောနိုင်ပါဘူး၊ ကျတော်တို့ပေးလိုက်တာနဲ့တော့ မတူပါဘူး၊ ဒါနဲ့ပတ်သက်ပြီး အသေးစိတ်ကိုတော့ ပြောမပြနိုင်ပါဘူး၊ မပြောနိုင်ပါဘူးဆိုတာ ကျနော်တို့မှာစောင့်စည်းရမယ့် စည်းမျဉ်းတွေရှိပါတယ်။ ဒါကြောင့်မပြောချင်း ဖြစ်ပါတယ်"
ရွေးကောက်ပွဲ ပယ်ဖျက်ရာမှာ ပါဝင်နေတဲ့ ရခိုင်ပြည်နယ်ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ရခိုင်အမျိုးသားပါတီ ANP က ကိုယ်စားလှယ်လောင်း ဒေါ်ခင်စောဝေကတော့ ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲလုပ်ဖို့ ပြန်စဉ်းစားမယ်ဆိုရင် အချိန်မဆိုင်းဘဲ ချက်ချင်းကြေညာပေး သင့်တယ်လို့ ပြောပါတယ်။
"တစ်အချက်ကလေ ဖြည်လျှော့ပေးမယ်ဆိုတာ အချိန်ဘယ်လောက်ယူမှာလဲ တိတိကျကျ ပြောရမယ်၊ အခုက နှစ်ပတ်ပဲ ရှိပါတော့တယ်။ အချိန်က တော်တော်လေး နီးကပ်နေပြီ၊ တကယ်ဖြေလျှော့မယ်ဆိုရင် ဒီတစ်ရက် နှစ်ရက်အတွင်းမှာကို ဖြေလျှော့ပေးဖို့ လိုအပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူလုပ်မယ့်မဲဆန္ဒနယ်မြေမှာ ဆိုရင် ကိုယ်တွေက ပြည်သူတွေကို ချပြရမှာဖြစ်တယ်။ နောက်တစ်ခါ ပါတီတွေက တစ်ခုတည်း မဟုတ်ပါဘူး၊ ရခိုင်ပါတီတွေက တစ်ခု နှစ်ခု သုံးခုလောက်ရှိတယ်။ USDP တို့ NLD တို့လည်း ရှိတဲ့အတွက်ကြောင့် ဒါက အချိန်ကိုတော့ တိတိကျကျ ပြောဖို့ လိုပါလိမ့်မယ်"
ရခိုင်ပြည်နယ် အမ်းမြို့နယ်ဟာဆိုရင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိတဲ့နေရာဖြစ်ပြီး ဒီလိုနေရာကို ရွေးကောက်ပွဲကျင်းပလို့ မဖြစ်တဲ့နေရာထဲမှာ ထည့်သွင်းတာ ၊ ပလက်ဝလို တိုက်ပွဲတွေရှိနေတဲ့နေရာကိုတော့ ရွေးကောက်ပွဲကျင်းပဖို့ဆောင်ရွက်တာတွေပေါ်မှာ ဝေဖန်မှုတွေ ရှိနေပါတယ်။
ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်ကတော့ လတ်တလောမှာ ရခိုင်ပြည်နယ် အမ်းမြို့နယ်နဲ့ ပလက်ဝမြို့နယ်တွေကို ပြန်လည်သုံးသပ်ပြီး ကြေညာပေးသွားဖို့ရှိတယ်လို့ ပြောပါတယ်။
တကောင်းနိုင်ငံရေးလေ့လာမှုအဖွဲ့ အမှုဆောင်ဒါရိုက်တာ ကိုရဲမျိုးဟိန်းကတော့ လွတ်လပ်ပြီးတရားမျှတတဲ့ ဒီမိုကရေစီစံနှုန်းတွေနဲ့ညီတဲ့ ရွေးကောက်ပွဲဖြစ်ဖို့အတွက် ရွေးကောက်ပွဲကော်မရှင်အနေနဲ့ သေချာပြင်ဆင်ပြီး လုပ်သင့်ကြောင်း အခုတစ်မျိုးတော်ကြားတစ်မျိုးမလုပ်ပဲ သေချာပြင်ဆင်ပြီး လုပ်သင့်ကြောင်း ထောက်ပြပါတယ်။
“ဒီလိုရွေးကောက်ပွဲက အင်မတန်အရေးကြီးတယ်။ လွတ်လပ်တရားမျှတပြီး ဒီမိုကရေစီစံနှုန်းတွေနဲ့ ညီတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ အင်မတန်အရေးကြီးတယ်။ အထိအခိုက် အဲ့လိုရွေးကောက်ပွဲဖြစ်ဖို့ အထိအခိုက် လုံးဝ မခံဘူး။ အထူးသဖြင့် ကျနော်တို့လို နိုင်ငံရေးအသွင်ကူးပြောင်းရေး ဆောင်ရွက်နေတဲ့နိုင်ငံမျိုးမှာ လုံးဝအထိ အခိုက်မခံဘူးလို့ ကျနော်မြင်တယ်။ အဲလိုကျင်းပပေးဖို့ဆိုရင် ရွေးကောက်ပွဲကော်မရှင်က အခုတမျိုး တော်ကြာ တစ်မျိုးလုပ်လို့မရဘူး။ သေချာပြင်ဆင်ပြီးတော့ လုပ်ရမယ့်ကိစ္စလို့ မြင်တယ်။ ဒီဟာက ရွေးကောက်ပွဲကိစ္စ တင်မဟုတ်ဘဲ ကျနော်တို့နိုင်ငံရဲ့ အသွင်ကူးပြောင်းရေးဖြစ်စဉ်မှာပါ သက်ရောက်မှု ရှိတဲ့ကိစ္စလို့ ကျနော် တော့မြင်ပါတယ်။"
နိုဝင်ဘာ ၈ ရက်နေ့ကျင်းပမယ့် ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်က မြို့နယ် ကိုးခု၊ ရှမ်းပြည်နယ်က မြို့နယ် ခြောက်ခု၊ ပဲခူးတိုင်းက နှစ်ခု၊ စုစုပေါင်း မြို့နယ် ၁၇ ခုအပါအဝင် ကချင်၊ ကရင်နဲ့ မွန်ပြည်နယ်ထဲက ကျေးရွာအုပ်စုတချို့မှာ ရွေးကောက်ပွဲမကျင်းပနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၁၆ ရက်နေ့က ကြေညာခဲ့တာဖြစ်ပါတယ်။
------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေနဲ့ သတင်းပေးပို့ချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)