ရွေးကောက်ပွဲ တရားမမျှတကြောင်း စွပ်စွဲချက် ကော်မရှင်ငြင်းဆို
2020.11.11
တရားမျှတတဲ့ရွေးကောက်ပွဲမဟုတ်ဘူးဆိုတာ စွပ်စွဲချက်ပဲဖြစ်ပြီး ပြစ်မှုကျူးလွန်တာတွေ ရှိရင်တိုင်ကြားနိုင်တဲ့အကြောင်း UEC ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နေပြည်တော်မှာ မနေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။
ရန်ကုန်တိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ USDP သတင်းစာရှင်းလင်းပွဲကတော့ ဝန်းရံသူတွေနဲ့ သတင်းသမားတွေ မပြေမလည်ဖြစ်ပြီး ပြီးဆုံးသွားရပါတယ်။
၂၀၂၀ ပြည့်နှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်ပြီး ဥပဒေအတိုင်း ရှေ့ဆက် ဆောင်ရွက်မယ်လို့ UEC ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောကြားပြီး တရားမျှတတဲ့ရွေးကောက်ပွဲမဟုတ်တဲ့အတွက် အသိအမှတ်မပြုဘူးလို့ ရန်ကုန်တိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ USDP က ပြောကြားလိုက်ပါတယ်။
မနေ့ကကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲတွေမှာ UEC နဲ့ ရန်ကုန်တိုင်း USDP တို့ က အဲဒီလိုပြောကြားလိုက်တာပါ။ တပ်နဲ့ ကော်မရှင် ပူးပေါင်းပြီး ရွေးကောက်ပွဲပြန်ကျင်းပဖို့လည်း ရန်ကုန်တိုင်း USDP အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်မိုးမိုးအေးက တိုက်တွန်းပါတယ်။
ဒါနဲ့ပတ်သက်လို့ Myanmar New Foundation ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့က ရွေးကောက်ပွဲဆိုင်ရာ အကြံပေး ဒေါ်မြနန္ဒာသင်းကတော့ ပြည်သူ့သဘောထားက နိုဝင်ဘာ ၈ ရက်ကတည်းက ပြသပြီးပြီလို့ပြောပါတယ်။
"ရွေးကောက်ပွဲ ပြန်ကျင်းပဖို့ဆိုတာ မဖြစ်နိုင်တဲ့ အကြောင်းအရာတစ်ခုပဲ။ ရွေးကောက်ပွဲက လုပ်လည်းလုပ်ပြီးသွားပြီ။ ပြည်သူတွေကလည်း မဲပေးခဲ့ပြီးပြီ။ ပြည်သူ့သဘောထားကို နိုဝင်ဘာ ၈ ရက်နေ့က ပြခဲ့ပြီးပြီလို့ ထင်တယ်။ ကျန်တဲ့ကိစ္စတွေ မသမာမှုတွေကိုတော့ တရားရေးလမ်းကြောင်းက သွားရမယ်။ ဒါက ဘယ်ပါတီမဆို မှတ်ပုံတင်ထားတဲ့၊ ဘယ်ပါတီမဆို လိုက်နာရမယ့်အခြေခံလို့ ယူဆပါတယ်။"
နေပြည်တော်မှာ UEC ကကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ တရားမျှတတဲ့ရွေးကောက်ပွဲလို့ USDP က အပြည့်အဝမယုံကြည်ဘူးလို့ ပြောတာကို ဘယ်လိုတုံ့ပြန်ချင်ပါသလဲလို့ RFA ကမေးတဲ့အခါ UEC အဖွဲ့ဝင်က ဦးမြင့်နိုင်က ခုလို ပြန်ဖြေကြားပါတယ်။
"ဘာကိုအခြေခံပြီး ပြောသလဲဆိုတဲ့ဟာမှ မပေါ်ပေါက်ဘဲနဲ့ ဘာမှပြောစရာမရှိဘူးပေါ့။ ဒီလိုယေဘုယျကြီး ဒီလိုစွပ်စွဲတာကတော့ ဘာမှပြောစရာမရှိဘူးပေါ့။ ဒီရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ပါတီကြီး သုံးခုက ကြိုဆိုတယ်၊ ထောက်ခံတယ်၊ လက်ခံတယ်ဆိုတာ ထုတ်ပြန်ထားတာပေါ့။ ဒါကတော့ ဒီမိုကရေစီနည်း၊ ဒီမိုကရေစီကျင့်စဉ်၊ ဒီမိုကရေစီ အလေ့အထမှာ ဒီအတိုင်းပဲ ရှိမှာပေါ့။ ဒီရွေးကောက်ပွဲမှာ ယှဉ်ပြိုင်တဲ့ ပါတီကြီး သုံးခုပေါ့ တခြားပါတီတွေလည်း လက်ခံတဲ့ပါတီတွေလည်း ရှိကြပါတယ်။ ပါတီကြီးတစ်ခုကဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အောင်မြင်စွာ အနိုင်ရရှိသွားတဲ့အတွက်ကြောင့် ဝမ်းမြောက်ကြောင်း ပြောကြားခဲ့တယ်။ ကျန်တဲ့ ပါတီကြီးတစ်ခုကလည်းပဲ ရွေးကောက်ပွဲမှာ အဆင်မပြေတာ ရှိသော်လည်းပဲ ဒီမဲရလဒ်ဟာ လက်ခံတယ်၊ လက်ခံထိုက်တယ်၊ အသိအမှတ်ပြုတယ်။ နောက် ပါတီကြီးတစ်ခုကလည်းပဲ သူတို့ရဲ့ပါတီသက်တမ်းက နည်းနေသော်လည်းပဲ ဒီလောက်ထိ လူထုဆီက ဆန္ဒမဲတွေ သူတို့ပါတီကရရှိတာကို သူတို့ဝမ်းသာတယ်၊ အခုလူထုကပေးလိုက်တဲ့ ဆန္ဒမဲရလဒ်ကိုလည်းပဲ လက်ခံတယ်ဆိုတာလေးတွေ ထုတ်ပြန်ထားတာပေါ့။ ဒီလိုပါတီကြီးတွေ ရှိလာတာ အင်မတန်မှ ဝမ်းမြောက်စရာကောင်းတာပေါ့။ ဒါဒီမိုကရေစီရဲ့ကျင့်စဉ် အားကောင်းတဲ့သဘောပေါ့။ အဲလိုပဲ ဒါကို မကြိုက်တဲ့ပါတီတွေလည်း ရှိမှာပေါ့။"
ဦးမြင့်နိုင်က ပါတီကြီးသုံးခုက ထောက်ခံတယ်ဆိုပေမယ့် ပါတီနာမည်တွေ ထုတ်ဖော်မပြောကြားပါဘူး။ ပုံစံ ၁၉ မှာ လက်မှတ်မရေးထိုးဖို့ USDP က သူ့ကိုယ်စားလှယ်လောင်းတွေကို ညွှန်ကြားထားတဲ့အတွက် ကိုယ်စားလှယ်တွေက ရလဒ်ကို အသိမှတ်မပြုရင် ကော်မရှင်က ဘယ်လိုရှေ့ဆက်ဆောင်ရွက်ပါမလဲ။
"ဥပဒေပြဌာန်းချက်မှာက သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ဒါမှမဟုတ်ရင် ရွေးကောက်ပွဲကိုယ်စားလှယ်တွေ ပုံစံမှာ လက်မှတ်ရေးထိုးရပါမယ်။ မထိုးရင် မထိုးတဲ့သူမှာသာ တာဝန်ရှိပါတယ်လို့ ပြောထားပါတယ်။ ကျနော်တို့အနေနဲ့ ဥပဒေအရပဲ ဆက်လက်ဆောင်ရွက်သွားဖို့ပါပဲ။ ကျနော်တို့အတွက် ဘာမှမထိခိုက်ဘူး။ ကျနော်တို့က ဒီအတိုင်းဆက်သွားဖို့ပဲ၊ ဥပဒေမှာ အဲ့အတိုင်း ပြဌာန်းထားတာ။"
လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပါ ပြဌာန်းချက်တွေနဲ့ အညီအရေးယူထားတဲ့ အမှုတွေတွေကို UEC က အသိပေးကြေညာချက်ကို နိုင်ငံပိုင် သတင်းစာမှာ ဖော်ပြတာလည်းရှိပါတယ်။ တံဆိပ်တုံးတုတွေ့မှု၊ သမီးနာမည်နဲ့ မိခင်က မဲပေးမှု၊ တစ်ယောက်တည်းက မဲနှစ်ကြိမ်ပေးမှု စတာတွေ ဖော်ပြပါတယ်။
ရှမ်းပြည်နယ် မိုင်းတုံမြို့နယ်မှာလည်း အသက်မပြည့်သေးသူတွေ မဲပေးတာကို UEC သတင်းစာ ရှင်းလင်းပွဲမှာ RFA ကမေးမြန်းခွင့်ရခဲ့ပါတယ်။
"အဲဒီအချက်အလက်တွေ မှန်တယ် မှားတယ်ဆိုတာ ဘာမှပေါ်ပေါက်ခြင်း အခြေအမြစ်မရှိဘူးပေါ့။ မှန်တယ်လို့ ဘယ်သူကမှလည်း ပြောကြားလာခြင်းမရှိဘူးပေါ့။ ဘာအထောက်အထားတွေရှိသလဲ၊ ဒါတွေက သတင်းစကားတွေပဲ ။ ရွေးကောက်ပွဲဥပဒေမှာ ပြဌာန်းထားပါတယ်။အခန်း ၁၃ မှာ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ပြစ်မှုကျူးလွန်တာတွေ ရှိရင် အခန်း ၁၃ မှာပါတယ် ရဲအရေးယူပိုင်တဲ့ ကိစ္စဖြစ်တယ်။ သက်ဆိုင်ရာရဲစခန်းကို တိုင်ကြားပြီးတော့ အရေးယူဆောင်ရွက်နိုင်တယ်။ တိုင်ကြားနိုင်တဲ့လူတွေက လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ၊ မဲဆန္ဒရှင်တွေ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေ စတဲ့ သတ်မှတ်ထားတယ်။ ရွေးကောက်ပွဲနေ့မတိုင်ခင် တိုင်ကြားနိုင်တယ်၊ ရွေးကောက်ပွဲနေ့မှာ တိုင်ကြားနိုင်တယ်၊ ရွေးကောက်ပွဲပြီး ၁၅ ရက်အလွန်မှာ တိုင်ကြားနိုင်တယ်။ ဒီနည်းလမ်းတွေနဲ့ဥပဒေက ပြဌာန်းပေးပြီးသားပဲ။ ဥပဒေလမ်းအတိုင်း သွားဖို့ပဲပေါ့။ နောက်တစ်ခါ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ တရားမဲ့ပြုကျင့်မှုတွေ ရှိပါတယ်ဆိုရင် တရားမဲ့ပြုကျင့်မှုတွေကြောင့် ဒီရွေးကောက်ပွဲမှာ တစ်ဘက်လူက နိုင်သွားတယ်ဆိုရင် ကန့်ကွက်ပါ၊ ကြေညာပြီး ၄၅ ရက်အတွင်းပေါ့။ ဒီအချက်အလက်တွေနဲ့ပတ်သက်ပြီးတော့ အခန်း ၁၃ အရ အရေးယူချင်လည်း အရေးယူလို့ရတယ်။ အခန်း ၁၄ အရ ကန့်ကွက်ရင်လည်း ကန့်ကွက်လို့ရတယ်။ ဥပဒေအရ ပေးထားပြီးသားပေါ့။ အဲ့တော့ ဥပဒေပြဌာန်းချက်တွေအတိုင်းပဲ ဆောင်ရွက်ပါ။"
နေပြည်တော် ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိသွားတဲ့ USDP ဥက္ကဋ္ဌ ဦးသန်းဌေးက ၂၀၂၀ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်တယ်လို့ အပြည့်အ၀ မယုံကြည်တဲ့အကြောင်း RFA နဲ့ သီးသန့်မေးမြန်းခန်းမှာ ပြောခဲ့ပါတယ်။
ဒါဟာ စွပ်စွဲချက်ပဲလို့ ဦးမြင့်နိုင်က မှတ်ချက်ပေးပါတယ်။ ဒီမိုကရေစီဆိုတာ အများစုရဲ့ဆန္ဒ ကို အလေးပေးရတယ်လို့ ပြောပါတယ်၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်မှာတော့ ချွတ်ယွင်းချက် အားနည်းချက်ရှိတာကိုလည်း မငြင်းပါဘူး၊ ဒါတွေကို နောင်ပြုပြင်ဖို့အတွက် ပါတီကြီးတွေက တင်ပြတယ်လို့ ဆိုပါတယ်။
မနေ့က ကျင်းပတဲ့ USDP သတင်းစာရှင်းလင်းပွဲမှာ ပါတီဝန်းရံသူတချို့နဲ့ သတင်းသမားတွေ တစ်ဘက်နဲ့တစ်ဘက် အဆင်မပြေဖြစ်နေတဲ့ ရုပ်သံဗွီဒီယိုဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့သွားတဲ့အတွက် လူကြည့်အတော်များလှပြီး သတင်းစာရှင်းလင်းပွဲကလည်း သတင်းထောက်တွေ မေးချင်တာတွေ မေးခွင့်မရလိုက်ဘဲ ရပ်နားခဲ့ရပါတယ်။
------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေနဲ့ သတင်းပေးပို့ချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)