အတည်ပြုထားတဲ့ အမတ်လောင်းကို ကော်မရှင်ပယ်ချ

ကျော်လွင်ဦး
2020.10.05

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ပြည်သူ့လွှတ်တော်နေရာကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ပါတီ DHRP က လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအေးဝင်းကို ရွေးကောက်ပွဲကျင်းပဖို့ ၃၄ ရက်အလို အောက်တိုဘာလ ၁ရက်နေ့ကမှ မိဘနှစ်ဦးဟာ မွေးဖွားစဉ်က နိုင်ငံသားမဟုတ်လို့ဆိုတဲ့အချက်နဲ့ ကိုယ်စားလှယ်လောင်းအဖြစ်ကနေ ပယ်ဖျက်ကြောင်း ခရိုင်ရွေးကောက်ပွဲကော်မရှင်က အကြောင်းကြားပါတယ်။

မြို့နယ်အဆင့် လူဝင်မှုကြီးကြပ်ရေးဌာနနဲ့ စစ်ဆေးပြီးနောက် ကိုယ်စားလှယ်လောင်းအဖြစ် ခွင့်ပြုခဲ့ပြီးဖြစ်ပေမယ့် ဗဟိုအဆင့်နဲ့ တိုက်ဆိုင်စစ်ဆေးရာမှာတော့ ရွေးကောက်ခံပိုင်ခွင့်မရှိကြောင်းတွေ့ရလို့ အခုလို ပယ်ဖျက် လိုက်ရတာလို့ မောင်တောခရိုင် ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးကျော်သန်းက ပြောပါတယ်။

"ကိုယ်စားလှယ်လောင်း စိစစ်တဲ့အခါ မြို့နယ် လဝကနဲ့ စစ်တာပါ၊ အဓိက သူ့မိဘတွေစစ်တော့ (နိုင်) တွေ ပါတယ်၊ အဲတော့ကျနော်တို့က ခွင့်ပြုလိုက်တယ်၊ နောက်ပြီးကျနော်တို့ ဆက်တင်တယ်၊ UEC က လဝက ရုံးချုပ်နဲ့ ထပ်စစ်တော့  အမျိုးသားမှတ်ပုံတင်ကနေ နိုင်ပြောင်းထားတဲ့ အထောက်အထားက မရှိဘူး၊ မရှိတဲ့အတွက် သူတို့က နိုင်ငံသားဖြစ်ခွင့်မရှိဘူးပေါ့၊ ဒီကိုယ်စားလှယ်လောင်းဟာ ရွေးကောက်ခံပိုင်ခွင့် မရှိဘူးပေါ့၊ ဒါကြောင့်ပယ်လိုက်တာပါ။"

ဦးအေးဝင်းဟာ ခရိုင်နဲ့ ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေက စစ်ဆေးရာမှာ ကိုယ်စားလှယ်လောင်း အရည်အချင်း ပြည့်မီတယ်ဆိုပြီး သြဂုတ်လ ၁၆ ရက်နေ့ကတည်းက ကိုယ်စားလှယ်လောင်းအဖြစ် အသိအမှတ်ပြု ခံထားရသူဖြစ်ပါတယ်။

ရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ဆောင်ချက်ကို ဦးအေးဝင်းက ကန့်ကွက်လိုက်ပါတယ်။

"သူတို့အကြောင်းပြချက်က ဘာမှအဓိပ္ပာယ်မရှိဘူး၊ ဘာလိုလည်းဆိုတော့ ကျနော်မွေးတဲ့အချိန်မှာ ကျနော့် အဖေဟာ မောင်တောမှာ စခန်းမှူးလုပ်နေပြီ၊  နိုင်ငံခြားသားတစ်ယောက်ကို မြန်မာပြည်မှာ စခန်းမှူး ခန့်သလား၊ ကျနော် အဲဒါမေးချင်တယ်၊ သူတို့ကလူတစ်ယောက်ကို သိက္ခာကျအောင် တမင်လုပ်နေတာ၊ ကော်မရှင်က ငါတို့လုပ်လို့ရတယ်။ ဘယ်သူမှပြောလို့မရဘူးဆိုတဲ့ပုံစံနဲ့ လုပ်နေတာ၊ လုံးဝတရားမျှတမှုမရှိဘဲ အခုလိုလုပ်လိုက်တာ။"

ဦးအေးဝင်းရဲ့ ဖခင်ဟာ သူ့ကိုမွေးဖွားစဉ်က မောင်တောမြို့မှာ စခန်းမှူးအဖြစ် တာဝန်ထမ်းဆောင်နေသလို စခန်းမှူး တာဝန်ကနေ ပင်စင်ယူပြီးနောက်ပိုင်းမှာလည်း မြို့နယ်တရားရုံးမှာ နှစ်ပေါင်းများစွာ ထမ်းဆောင်ခဲ့တယ် လို့ ဆိုပါတယ်။

၁၉၉၀ ခုနှစ်မတိုင်ခင်က တစ်နိုင်ငံလုံးမှာ သုံးခေါက်ချိုး ခေါ် အမျိုးသားမှတ်ပုံတင်ကတ် ကိုင်ဆောင်ကြစဉ်က သူ့ရဲ့ မိဘတွေလည်း သုံးခေါက်ချိုးသာ ရှိခဲ့ကြပြီး ၁၉၉၀ နောက်ပိုင်း နိုင်ငံသားကတ် ထုတ်ပေးရာမှာတော့ နိုင်ငံသားကတ် ပြောင်းလဲကိုင်ဆောင်ကြတာလို့ ဦးအေးဝင်းက ပြောပါတယ်။

သူတို့အားလုံးကို မြို့နယ် လူဝင်မှုကြီးကြပ်ရေးက သေချာစီစစ်ပြီးမှ နိုင်ငံသားကတ် ထုတ်ပေးခဲ့တာလို့ ဆိုပါတယ်။

ဦးအေးဝင်းဟာ ကိုယ်စားလှယ်လောင်းအဖြစ် အသိအမှတ်ပြုခံထားရပြီးဖြစ်လို့ ရွေးကောက်ပွဲအောင်နိုင်ရေး အတွက် ဗွီနိုင်းတွေ၊ ပိုစတာတွေ၊ လက်ကမ်းစာဆောင်တွေ စီစဉ်ထားပြီးဖြစ်ပါတယ်။

နိုင်ငံသားဖြစ်ကြောင်း အထောက်အထားအပြည့်အစုံရှိထားတဲ့အတွက် ကော်မရှင်က ပယ်ချလိုက်တဲ့အပေါ် တရားစွဲမယ်လို့ ဦးအေးဝင်းက ဆိုပါတယ်။

“ကျနော့်အဖေ၊ အမေက နိုင်ငံသားဖြစ်တယ်ဆိုတဲ့ အထောက်အထားရှိတယ်။ ကျနော့်ကို တမင် သိက္ခာ ကျအောင်လုပ်တာ ကျနော့်နိုင်ငံရေးပါတီအနေနဲ့ တရားစွဲမယ်။ ရွေးကောက်ပွဲကော်မရှင်ကို တရားစွဲမယ်။ ခရိုင်ကိုပါ။”

မောင်တောခရိုင် ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးကျော်သန်းက

“အခုချိန်တော့ ဘာမှလည်း လုပ်လို့မရတော့ပါဘူး။ ရက်ကလည်း ကပ်နေပြီဆိုတော့၊ ဒါတွေက ကျနော်တို့က ဆုံးဖြတ်လို့မရဘူး။ UEC က လာတဲ့စာအတိုင်း ကျနော်တို့က ဆက်လက်ဆောင်ရွက်ရတာ။ သူမကျေနပ်ရင် လဝက နဲ့ UEC ကို တက်ရုံပဲရှိမယ်။ ကျနော်တို့ဆီမှာတော့ ဘာမှလုပ်လို့မရဘူး။ ဒီအတွက် ခရိုင် ရွေးကောက်ပွဲ ကော်မရှင်ကို တရားစွဲမယ်၊ ကျနော်တို့က ဘာမှမှတ်ချက်ပေးစရာ မရှိပါဘူး။”

ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ PACE ရဲ့ အမှုဆောင်ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့် က လက်ရှိ ရွေးကောက်ပွဲဥပဒေအရ ရွေးကောက်ခံပိုင်ခွင့်ရှိသူတွေနဲ့ပတ်သက်တဲ့ ကန့်သတ်ချက်တွေကို ပြင်ဆင်သင့်တယ်လို့ ထောက်ပြပါတယ်။

"အစိုးရကပြောတဲ့ တိုင်းရင်းသား ၁၃၅ မျိုး၊ တိုင်းရင်းသားကမွေးရင် နိုင်ငံသားဖြစ်တာကို ကျနော်တို့ဆီမှာ၊ အစိုးရကသတ်မှတ်ထားတဲ့ တိုင်းရင်းသားဆိုပြဿနာမရှိပေမယ့် ကျနော်တို့ခုနပြောတဲ့ အန်ဒီးယန်းတွေ၊ တရုတ်တွေ၊ အများကြီးပါပဲ ၊ သူတို့အတွက်က ပြဿနာရှိတာကို၊ ဒါကြောင့် ကျနော်တို့နိုင်ငံမှာ ရွေးကောက်ပွဲ မှာ နိုင်ငံသားတွေ ဘယ်လောက်ပါစေချင်သလဲပေါ်မှာ မူတည်တယ်၊ ခုဥပဒေကတော့  ပါဝင်မှုကို အကန့်အသတ်ဖြစ်စေတယ်ဆိုတက ရှင်းနေတာပဲ၊ မြန်မာနိုင်ငံသားဖြစ်ရင်တော့ နိုင်ငံရေးရာကိစ္စတွေမှာ ပါဝင်ဆောင်ရွက်ခွင့်ရှိရမှာပေါ့။"

နိုင်ငံသားကတ်ကိုင်ထားတဲ့သူကို အထောက်အထားမရှိဘူးဆိုပြီး ကိုယ်စားလှယ်လောင်းကနေ ပယ်ဖျက်တာဟာ ရိုဟင်ဂျာတွေကို ပစ်မှတ်ထားဖိနှိပ်တာလို့ လူ့အခွင့်အရေးလှုပ်ရှားတဲ့ Fortify Rights အဖွဲ့က ကိုနစ်ကီဒိုင်းမွန်းက သုံးသပ်ပါတယ်။

"နိုင်ငံတော်အဆင့် ရွေးကောက်ပွဲကော်မရှင်ကနေပြီးတော့ ဒီလို့မျိုးပေါ်တင်ကြီး လူတစ်ယောက်အပေါ်မှာ အမေ၊ အဖေကလည်း နိုင်ငံသားကတ်တွေ ကိုင်ထားတယ်၊ သူကိုယ်တိုင်လည်း နိုင်ငံသားအဖြစ် ပေါ်ပေါက်တယ်၊ အဲတာကို သူကိုပစ်မှတ်ထား ရွေးကောက်ပွဲဝင်ခွင့် ရုပ်သိမ်းတာက ရိုဟင်ဂျာတွေအပေါ်မှာ လူမျိုးရေးအရ ဘာသာရေးအရ ပစ်မှတ်ထားပြီးတော့ ဖိနှိပ်တာလို့ သုံးသပ်လို့ရတယ်၊ ဒီလိုမျိူးသာ ဆက်လုပ်နေမယ်ဆိုရင် ICJ မှာ အမှုရှုံးသွားနိုင်တယ်။"

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေကို ခွဲခြားဆက်ဆံတာတွေ မလုပ်ဖို့ နိုင်ငံတကာတရားရုံး ICJ က ကနဦး တားမြစ်ထားတဲ့ကြားက အခုလိုချိုးဖောက်နေတာတွေဟာ သက်သေအဖြစ် မှတ်တမ်းဝင်သွားမှာဖြစ်ပြီး နိုင်ငံခေါင်းဆောင်တွေအနေနဲ့ ဒီကိစ္စကို စဉ်းစားပြီး အမြန်ဆုံးပြန်လည်ပြင်ဆင်သင့်တယ်လို့လည်း သူက အကြံပြုပါတယ်။

ရွေးကောက်ပွဲဝင်ပြိုင်ဖို့ ကိုယ်စားလောင်းအဖြစ် လျှောက်ထားတဲ့ လူနည်းစု အစ္စလာမ်ဘာသာဝင် ကိုယ်စားလှယ်လောင်းအတော်များများကို မိဘတွေဟာ သူတို့ကို မွေးဖွားစဉ်မှာ နိုင်ငံသားမဟုတ်လို့ဆိုတဲ့အချက်နဲ့ ရွေးကောက်ပွဲကော်မရှင်က ပယ်ချထားပါတယ်။

ဒီလိုပယ်ချခံရတာတွေနဲ့ပတ်သက်လို့ ဝေဖန်ခံနေရတဲ့အပေါ် -သတ်မှတ်ထားတဲ့ အရည်အချင်းတွေနဲ့ ကိုက်ညီရင် လူမျိုးဘာသာမရွေး ရွေးကောက်ပွဲမှာ ဝင်ရောက် အရွေးခံခွင့်ပေးမယ်လို့ သြဂုတ်လက RFA နဲ့ သီးသန့်မေးမြန်းခန်း မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ဖြေကြားထားပါတယ်။

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှာလည်း တစ်သီးပုဂ္ဂလဝင်ပြိုင်တဲ့ အစ္စလာမ်ဘာသာဝင်တစ်ဦးကို ကိုယ်စားလှယ်လောင်းအဖြစ် အသိအမှတ်ပြုပြီးနောက် ရက်ပိုင်းမှာပဲ ပြန်လည်ပယ်ချခဲ့ပါတယ်။

ပယ်ချခံထားရသူတွေအထဲမှာ ရခိုင်ပြည်နယ်ကဆိုရင် ဒီမိုကရေစီနဲ့လူ့အခွင့်ရေးပါတီက ၁၉၉၀ အမတ်ဟောင်း ဦးကျော်မင်းအပါအဝင် လေးဦးနဲ့ တစ်သီးပုဂ္ဂလဝင်ရောက်ယှဉ်ပြိုင်တဲ့ ရိုဟင်ဂျာ နိုင်ငံရေးသမား ဦးသာအေးတို့ ပါဝင်ပါတယ်။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီက လာမယ့်ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း ခုနှစ်ယောက် ဝင်ပြိုင်ဖို့ လျှောက်ထားရာမှာ အခုဆိုရင် ငါးဦး ပယ်ချခံထားရပြီး ရန်ကုန်တိုင်းမှာ ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း နှစ်ဦးသာ ကျန်ပါတယ်။

ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ ဘူးသီးတောင်မြို့နယ်ကနေ ရွေးကောက်ခံခဲ့ရပြီး CRPP လို့ခေါ်တဲ့  ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီမှာ စီးပွားရေးနဲ့ လူမှုဆက်ဆံရေးတာဝန်ခံဖြစ်ခဲ့တဲ့ ဦးကျော်မင်း ဦးဆောင်တည်ထောင်ထားတဲ့ပါတီပါ။

၂၀၁၃ ခုနှစ်မှာ ပါတီတည်ထောင်ခွင့်ရခဲ့ပြီးနောက် ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း ၁၈ ယောက် ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကြိုးစားစဉ်ကလည်း သုံးယောက်သာ ပြိုင်ခွင့်ရခဲ့တဲ့ပါတီဖြစ်ပါတယ်။

------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲအကြောင်း သိကောင်းစရာ အချက်အလက်တွေနဲ့၊ ရွေးကောက်ပွဲဆိုင်ရာ သတင်းပေးပို့ချက်တွေ၊ ဗီဒီယိုတွေ၊ တွေ့ဆုံမေးမြန်းချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။