ကော်မရှင်ကြေညာချက် ပြန်သုံးသပ်ဖို့ ပါတီကြီးတချို့ တိုက်တွန်း
2020.10.19

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မြို့နယ်တချို့မှာ ရွေးကောက်ပွဲ မကျင်းပတော့ဘူးလို့ ကြေညာခဲ့ တာဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးကို ထိခိုက်မှာကို စိုးရိမ်ရတဲ့အတွက် ပြန်လည်သုံးသပ် ပေးဖို့ သူရဦးရွှေမန်းဦးဆောင်တဲ့ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ ကအောက်တိုဘာ ၁၈ မနေ့က ရက်စွဲနဲ့ စာပေးပို့ပြီး တောင်းဆို တိုက်တွန်းလိုက်ပါတယ်။
စိစစ်သုံးသပ်ပြီး ဆောင်ရွက်ပေးနိုင်မယ်ဆိုရင် နိုင်ငံတော်အတွက် အကျိုး ရလဒ်ကောင်းတွေ ပြန်လည်ရရှိမယ်လို့ ယုံကြည်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အဓိက အတိုက်အခံပါတီကြီးဖြစ်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာ နန္ဒာလှမြင့်ကလည်း ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ဟာ ဘက်လိုက်တယ်လို့ ယူဆပြီး ပြန်လည်သုံးသပ်ပေးစေချင် တယ်လို့ ပြောပါတယ်။
အာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ ကော်မရှင်ရဲ့ ကြေညာချက်ကို ကန့်ကွက်မှာ မဟုတ်ဘူးလို့ ပါတီရဲ့ ဗဟိုအောင်နိုင်ရေးကော်မတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။
လွတ်လပ်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ရွေးကောက်ပွဲကော်မရှင်က လုံခြုံရေးဆိုင်ရာ အစီရင်ခံချက်တွေအပေါ် မူတည်ပြီး ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။
ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ ရခိုင်မြောက်ပိုင်းနဲ့ ရှမ်းပြည်နယ်က မြို့တချို့ဟာ လူမျိုးရေးကို အခြေခံတဲ့ လက်နက်ကိုင် ပဋိပက္ခတွေရှိတဲ့နေရာတွေဖြစ်ပြီး လူမျိုးရေးကိုအခြေခံတဲ့ ပါတီတွေလည်း အားကောင်းလာတာကို တွေ့ရတယ်၊ လုံခြုံရေး အခြေအနေကြောင့် ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့အခါ အဲဒီလို အားကောင်းတဲ့ ပါတီတွေရဲ့ နယ်မြေတွေ ဆုံးရှုံးခဲ့ရတာဖြစ်ပြီး နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းရင် ဒီလို ကိစ္စတွေဖြစ်လာမှာ မဟုတ်ဘူးလို့ ဒေါက်တာမျိုးညွန့်က ဆိုပါတယ်။
ရခိုင်ပြည်နယ်က မြို့နယ် ၉ မြို့နယ်နဲ့ ရှမ်းပြည်နယ်က မြို့နယ် ၆ မြို့နယ် အပါအဝင် တိုင်းနဲ့ ပြည်နယ် ခြောက်ခုက နေရာတချို့မှာ ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း ရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာလ ၁၆ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာပါ။
ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ နေရာတွေကတော့ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံနဲ့ မြောက်ဦး စတဲ့ မြို့နယ် ၉ မြို့နယ်လုံးနဲ့ ကျောက်ဖြူမြို့နယ်က ရပ်ကွက် ၂ ခု၊ ကျေးရွာအုပ်စု ၅၂ ခု၊ အမ်းမြို့နယ်က ရပ်ကွက် ၃ ခု၊ ကျေးရွာအုပ်စု ၂၉ ခု၊ စစ်တွေမြို့နယ်က ကျေးရွာအုပ်စု ၄ ခု၊ တောင်ကုတ်မြို့နယ်က ရပ်ကွက် ၁၀ ခု၊ ကျေးရွာအုပ်စု ၅၂ ခု ဖြစ်ပါတယ်။
ရှမ်းပြည်နယ်မှာတော့ မိုင်းလား၊ ပန်ဆန်း (ပန်ခမ်း)၊ နားဖန်း၊ မိုင်းမော၊ ပန်ဝိုင်နဲ့ မိုင်းကိုင် စတဲ့မြို့နယ် ၆ မြို့နယ် လုံးနဲ့ မြို့နယ်တချို့က ကျေးရွာတွေပါဝင်ပါတယ်။ ကချင်၊ ပဲခူး၊ မွန် တို့က ကျေးရွာအုပ်စုတွေအပါအဝင်ဆိုရင် ကျေးရွာအုပ်စု ၅၀၀ ကျော်မှာ ရွေးကောက်ပွဲဖျက်သိမ်းလိုက်တာ ဖြစ်ပါတယ်။
------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေနဲ့ သတင်းပေးပို့ချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)