မူဆယ်ခရိုင် ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်ချက်ကို SNLD ကန့်ကွက်

ဖြူဖြူခိုင်
2020.09.11

စက်တင်ဘာလ ၁၄ ရက်နေ့ထက်ကျော်ပြီး လျှောက်ထားလာတဲ့ မဲဆွယ်စည်းရုံးခွင့်တွေကို ခွင့်မပြုနိုင်ဘူးဆိုတဲ့ မူဆယ်ခရိုင် ရွေးကောက်ပွဲကော်မရှင်ရဲ့ အကြောင်းကြားစာကို လက်မခံနိုင်ဘဲ ပြန်ရုပ်သိမ်းဖို့ တောင်းဆိုမယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်က ပြောပါတယ်။

စက်တင်ဘာလ ၁၄ ရက်နေ့ ကျော်လွန်ပြီးတော့ အဆိုပြုလျှောက်ထားလာတဲ့ မဲဆွယ်စည်းရုံးခွင့်တွေကို ဆက်လက်ခွင့်မပြုနိုင်ကြောင်း မူဆယ်ခရိုင် ရွေးကောက်ပွဲကော်မရှင်က ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ပါတီကို စက်တင်ဘာလ ၉ ရက်နေ့မှာ အကြောင်းကြားလာခဲ့တာပါ။

ဒီကိစ္စဟာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ ကြေညာချက်နဲ့ မကိုက်ညီတာကြောင့် အမြန်ဆုံး ပြန်ရုပ် သိမ်းပေးဖို့ တောင်းဆိုသွားမယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကေရစီအဖွဲ့ချုပ် SNLD ပါတီရဲ့ အထွေထွေ အတွင်းရေးမှူး ဦးစိုင်းလိတ်က ပြောပါတယ်။

“၂၀၁၅ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့ ထုတ်ပြန်ချက်အရ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲသို့ လျှောက်ထားသည်နဲ့ တပြိုင်တည်း မဲဆွယ်စည်းရုံးနိုင်ကြောင်းဆိုပြီး အတိအကျ ဖော်ညွှန်းထားပြီးသားဖြစ် တဲ့ဟာကို ဒီလ ၁၄ ရက်ကျော်သွားတဲ့ လျှောက်ထားတာကို သူ့အနေနဲ့ ခွင့်ပြုနိုင်မည် မဟုတ်ကြောင်း ဆိုတာက UEC ရဲ့ ကြေညာချက်နဲ့ လုံးဝသွေဖီနေပါတယ်။ အဲဒီအတွက် ကျွန်တော်က လုံးဝကန့်ကွက်ပြီး တော့ ဒါကိုအမြန်ဆုံးရုပ်သိမ်းပေးဖို့ တောင်းဆိုသွားမယ်။ ရက်ပေါင်း ၆၀ အတွက်ကို အစီအစဉ်တွေ အကုန်ဆွဲပြီး သူ့ဆီရေးတင်ရမယ့် သဘော။ သူ့ခွင့်ပြုချက်ရမှပဲ စည်းရုံးရေးဆင်းရမယ်ဆိုတဲ့ သဘောသက် ရောက်သွားပါတယ်“

ဒီလိုအကြောင်းကြားစာကို ပေးပို့တာဟာ ရှမ်းပြည်မြောက်ပိုင်းတစ်နယ်လုံးမှာ SNLD ပါတီတစ်ခုတည်းကပဲ လက်ခံရရှိတာဖြစ်တယ်လို့ ဦးစိုင်းလိတ်က ပြောပါတယ်။

မူဆယ်မဲဆန္ဒနယ်တွေမှာ ရွေးကောက်ပွဲဝင်ပြိုင်မယ့် ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီကတော့ ဒီအကြောင်းကြားစာ လက်ခံရရှိတာမျိုး မရရှိဘူးလို့ အဲဒီပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးကိုကိုနိုင်က ပြောပါတယ်။

“ပါတီတစ်ခုနာမည်ဖော်ပြပြီး လိပ်မူပြီး ကော်မရှင်ကပို့တယ်လို့ သိရတယ်။ ကျွန်တော်တို့ ပါတီအနေနဲ့ ကတော့ ဒီလိုပို့တယ်လို့ သက်ဆိုင်ရာ မြို့နယ်ပါတီကနေပြီး သတင်းပေးပို့ထားတာ မရှိပါဘူး’’

ဒီအကြောင်းကြားစာနဲ့ ပတ်သက်ပြီး မူဆယ်ခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲကို RFA က ဖုန်းဆက်သွယ် မေးမြန်းပေမယ့် ဖုန်းနဲ့ လက်ခံမဖြေကြားနိုင်ဘူးလို့ အကြောင်းပြန်ပါတယ်။

အဲဒီအကြောင်းကြားစာထဲမှာ ၁/၂၀၁၄ ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်ချက်အရ လွှတ်တော် ကိုယ်စားလှယ် လောင်း အမည်စာရင်း ထုတ်ပြန်ကြေညာပြီးတဲ့နေ့ကစပြီး ၁၅ ရက်အတွင်း မဲဆွယ်စည်းရုံးခွင့်ကိုလျှောက် ထားရမှာဖြစ်ပြီး စက်တင်ဘာလ ၁၄ ရက်ထက် ကျော်သွားရင်တော့ ဆက်လက်ခွင့် မပြုနိုင်တော့ဘူးဆိုပြီး ပါရှိတယ်လို့ ဆိုပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့မှာ ထုတ်ပြန်ထားတဲ့ မဲဆွယ် စည်းရုံးရေး ညွှန်ကြားချက်တွေအရ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ လျှောက်ထားသည်နှင့် တပြိုင်တည်း မဲဆွယ်စည်းရုံးနိုင်ကြောင်းဆိုပြီး ဖော်ပြထားပါတယ်။ ဒါနဲ့ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင်ရဲ့ ညွှန်ကြားချက်ကသာ တရားဝင်ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဗဟိုရွေး ကောက်ပွဲ အောင်နိုင်ရေးကော်မတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

“ဒီနေ့တင်ရင် ဒီနေ့ခွင့်ပြုတဲ့နည်းနဲ့ ဆောင်ရွက်သွားမယ်ဆိုတာ အတိအလင်းပါပါတယ်။ နောက်ထုတ်တဲ့ ညွှန်ကြားချက်ကို သူတို့ သတိမထားမိလို့ ဖြစ်ပါလိမ့်မယ်။ သူတို့ ပြောနေတာကအရင် ၁/၂၀၁၄ နဲ့အညီ ပြောနေတာပဲ ဖြစ်ပါလိမ့်မယ်။ အခွင့်အာဏာအရ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ ညွှန်ကြားချက် ကသာ တရားဝင်ပါတယ်“

ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကတော့ ဒါနဲ့ပတ်သက်ပြီး ညွှန်ကြားထားတာမျိုး မရှိဘူးလို့ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးထင်ကျော်က ပြောပါတယ်။

“ညွှန်ကြားထားတာ မရှိပါဘူး။ ကျွန်တော်တို့က ပါတီတွေက အများကြီးရှိတာကိုး။ မဲဆွယ်စည်းရုံးတဲ့အခါမှာ တစ်ယောက်နဲ့ တစ်ယောက် တစ်ဖွဲ့နဲ့တစ်ဖွဲ့ ထိပ်တိုက်မတွေ့အောင် စီမံပေးရတယ်။ အဲလိုမဟုတ်ပဲနဲ့ ကိုယ့်သဘောကိုယ်ဆောင်ပြီး ကိုယ့်ဘာသာကိုယ်သွားဆိုရင် မလိုလားအပ်တဲ့ ပြဿနာတွေဖြစ်နိုင်တယ်။ အဲလိုအငြင်းပွားမှုတွေ ဖြစ်လာမှာစိုးလို့ အလှည့်ကျလေးဖြစ်အောင်ဆိုပြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲတွေက စီမံပေးရတာ။ အဲဒီအတွက် နည်းနည်းအချိန်ပေးရတယ်။ ဒါကိုသက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ နားလည်ပေးဖို့လိုတယ်“

မဲဆွယ်စည်းရုံးခွင့်ကာလကို စက်တင်ဘာ ၈ ရက်နေ့ကစတင်ပြီး ရက်ပေါင်း ၆၀ ခွင့်ပြုထားပါတယ်။ ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရဲ့ ကနဦးထုတ်ပြန်ထားတဲ့ စာရင်းကို စိစစ်ပြီး စက်တင်ဘာ ၅ ရက်နေ့ထိ စာရင်းအရ ရှမ်းပြည်နယ်မှာ မဲပေးခွင့်ရှိသူ ၃၅ သိန်း ၄ သောင်း ၅ ထောင် ရှိပါတယ်။

နိုင်ငံရေးပါတီ ၃၂ ခုက ကိုယ်စားလှယ်လောင်းကတော့ ၉၉၅  ယောက်နဲ့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၂၂ ယောက်တို့က ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။