UEC က NLD ပါတီကို ငွေစာရင်း စစ်ဆေးမယ့်ကိစ္စ NLD လက်မခံ

2022.02.09
UEC က NLD ပါတီကို ငွေစာရင်း စစ်ဆေးမယ့်ကိစ္စ NLD လက်မခံ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို ၂၀၂၀ ဇူလိုင် ၅ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ယာယီဌာနချုပ်) ရုံးခွဲ ဖွင့်ပွဲအခမ်းအနားမှာတွေ့စဉ်
Photo: NLD

စစ်ကောင်စီရဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် UEC က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီရဲ့ ငွေကြေးနဲ့ အခြားပိုင်ဆိုင်မှုတွေကို စစ်ဆေးမယ်ဆိုရင် လက်မခံနိုင်ဘူးလို့ NLD ဗဟိုလုပ်ငန်းကော်မတီအဖွဲ့ဝင် ဦးငြိမ်းသစ်က ဒီကနေ့ ပြောလိုက်ပါတယ်။

NLD အပါအဝင် နိုင်ငံရေးပါတီ တချို့ကို လာမယ့်အပတ်အတွင်းမှာ UEC က စစ်ဆေး သွားမယ်လို့ ဖေဖော်ဝါရီ ၉ ရက် ဒီနေ့ထုတ်ပြန်ထားရာမှာ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အဖမ်းခံထားရတဲ့အတွက် စစ်ဆေးခံဖို့ မဖြစ်နိုင်ကြောင်း ဦးငြိမ်းသစ်က ပြောလိုက်တာပါ။

“NLD ပါတီကို တာဝန်ခံနိုင်တာ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ပဲ ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည် အပြင်မှာမရှိဘဲနဲ့ ပါတီအပေါ်မှာ စစ်ဆေးဖို့ဆိုတာ ကျနော်တို့က ဘာမှ တုံ့ပြန်စရာမလိုဘူး။ ကျနော်တို့ လိုက်နာ ဆောင်ရွက်စရာအကြောင်း မရှိဘူး”

ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပါတီက မဲအပြတ်အသတ်နဲ့ အနိုင်ရထားပြီး၊ ဒီရလဒ်ကို နိုင်ငံတကာ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့တွေနဲ့အတူ အမေရိကန်၊ ဥရောပသမဂ္ဂနဲ့ အာဆီယံအစိုးရတွေကပါ အသိအမှတ်ပြုထားပြီးဖြစ်တယ်လို့လည်း ဥ◌ီးငြိမ်းသစ်က ပြောပါတယ်။

လာမယ့် ဖေဖော်ဝါရီ ၁၄ ရက်ကနေ ၁၈ ရက်နေ့အတွင်းမှာ NLD ပါတီအပြင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD)၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ (တစည) နဲ့ ၈၈-မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) ပါတီ တို့ကို စစ်ဆေးသွားမယ်လို့ UEC ရဲ့ ဒီနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။

စစ်တပ်က အာဏာသိမ်းပြီးနောက် NLD ပါတီဝင်တွေနဲ့ ဝန်းရံသူတွေကို ဖမ်ဆီး အကျဉ်းချ တာ၊ ပါတီရုံးခန်းတွေကို ဝင်ရောက် စီးနင်းတာတွေ လုပ်နေတဲ့အတွက် စစ်ကောင်စီရဲ့ UEC ထံမှာ NLD ပါတီအနေနဲ့ အစစ်ဆေးခံဖို့ ဘာအကြောင်းမှ မရှိဘူးလို့လည်း NLD ပါတီ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်တဲ့ ဦးဘိုဘိုဦးက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ UEC က စစ်ဆေးမယ့်ထဲမှာ ပါဝင်နေတဲ့ (SNLD) ပါတီရဲ့ အမြင် သဘောထား သိနိုင်ဖို့ ပါတီ ခေါင်းဆောင်တချို့ကို RFA က ဒီနေ့ ဖုန်းခေါ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

စစ်ကောင်စီကတော့ စုစုပေါင်း နိုင်ငံရေးပါတီ ၆၇ ခုကို အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ဆေးခဲ့ပြီး၊ လာမယ့် ဖေဖော်ဝါရီ ၂၁ ရက်ကနေ ၂၅ ရက်အတွင်းမှာ နောက်ထပ် စစ်ဆေးမယ့် နိုင်ငံရေးပါတီတွေ ရှိနေသေးကြောင်း ထုတ်ပြန်ထားတာပါ။

စစ်အာဏာသိမ်း တစ်နှစ်တာကာလအတွင်း ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နဲ့အတူ လွှတ်တော်ကိုယ်စားလှယ် ၁၀၇ ဦးအပါအဝင် စုစုပေါင်း ပါတီဝင် ၇၀၀ နီးပါး ဖမ်းဆီးခံ ထားရကြောင်း NLD ဗဟိုလုပ်ငန်းကော်မတီက အာဏာသိမ်း တစ်နှစ်ပြည့်တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က သတင်း ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် NLD လွှတ်တော်ကိုယ်စားလှယ် ၆၉ ယောက်ရဲ့နေအိမ်တွေ ချိတ်ပိတ်ခံထားရပြီး၊ ပါတီနဲ့ဆက်နွယ်သူ ၁၁၉ ယောက်ရဲ့ အိမ်တွေလည်း ချိတ်ပိတ်ခံထားရကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။