ပါတီနှစ်ခုရဲ့ ငွေကြေးနဲ့ပိုင်ဆိုင်မှုကို စစ်ဆေးသွားမယ်လို့ ရွေးကောက်ပွဲကော်မရှင်ကြေညာ

2021.08.20
ပါတီနှစ်ခုရဲ့ ငွေကြေးနဲ့ပိုင်ဆိုင်မှုကို စစ်ဆေးသွားမယ်လို့ ရွေးကောက်ပွဲကော်မရှင်ကြေညာ ၂၀၂၀ နိုဝင်ဘာ ၄ ရက်နေ့က နေပြည်တော်မှာ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ မဲဆွယ်နေစဥ်
ဓါတ်ပုံ - အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ

အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီ (NUD) နဲ့ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ (DNP) တို့ရဲ့ ငွေကြေးနဲ့ ပိုင်ဆိုင်မှုပစ္စည်းတွေနဲ့ ပတ်သက်လို့ လာမယ့်  ဩဂုတ်လ ၂၃ ရက် တနင်္လာနေ့မှာ နေပြည်တော် ဥတ္တရသီရိမြို့နယ်ထဲက ဥတ္တရခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးနဲ့ ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတို့မှာ အသီးသီးစစ်ဆေးသွားမယ်လို့ စစ်ဆေးသွားမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် (UEC) က ဩဂုတ်လ ၁၈ ရက်မှာ ကြေညာလိုက်ပါတယ်။

အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီ (NUD) ရဲ့ ဥက္ကဋ္ဌ ဦးစိန်ဝင်း ကတော့ စစ်ဆေးမှုတွေအတွက် ရင်ဆိုင်ဖြေရှင်းဖို့ရှိတယ်လို့ RFA ကိုပြောပါတယ်။

"သူတို့စစ်ဆေးတာ ခံပေးရုံပေါ့။ ပါတီတိုင်းက UEC ရဲ့ ဆုံးဖြတ်မှုအောက်မှာရှိတယ်လေ။ ပါတီနဲ့ ပတ်သက်လို့ ဥပဒေ၊ နည်းဥပဒေတွေရှိပြီးသား။ ပါတီတစ်ခုရဲ့ ဆောင်ရန် ရှောင်ရန်တွေလည်း ရှိတယ်လေ။ ဒါတွေကို ဖြေရှင်းရမှာပေါ့"

အခုလို နိုင်ငံရေးပါတီတွေကို ရွေးကောက်ပွဲကော်မရှင်က စစ်ဆေးတာက ဆယ်နှစ်ကျော်အတွင်း ပထမဆုံး အကြိမ်ဖြစ်ပေမယ့် ပါတီတွေအနေနဲ့ ဆောင်ရွက်ရမယ့်အချက်တွေမှာ ဒီစာရင်းတွေကို ပြင်ဆင်ထားဖို့ ပါဝင်ပြီးသားဖြစ်တယ်လို့ သူကဆိုပါတယ်။

ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီတွေရဲ့ ပါတီဝင်ကြေးနဲ့ လစဉ်ကြေး၊ ပါတီကိုလှူဒါန်းတဲ့ ငွေကြေးနဲ့ ပစ္စည်းစာရင်း၊ ပါတီပိုင်စီးပွားရေးက ရတဲ့အမြတ်၊ ပါတီရန်ပုံငွေနဲ့ ငွေသုံးစာရင်း၊ ပါတီကဝယ်ယူထားတဲ့ ပစ္စည်းစာရင်း၊ ပါတီစည်းရုံးရေးအသုံးစားရိတ်၊ ကိုယ်စားလှယ်လောင်း တစ်ယောက်စီအတွက် သုံးစွဲထားတဲ့ စာရင်း စတာတွေကို စစ်ဆေးသွားမှာဖြစ်ပါတယ်။

အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ (DNP) ဟာ ဦးသိန်းစိန်လက်ထက်က သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးမောင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ပါတီဖြစ်ပြီး ၂၀၁၉ ခုနှစ်မှာ တည်ထောင်ခဲ့ပါတယ်။

DNP ပါတီဟာ အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီ ၂ ရက်နေ့မှာ စစ်ကောင်စီကို ထောက်ခံကြောင်း ထုတ်ပြန်ခဲ့ဖူးတဲ့ပါတီဖြစ်သလို ဒီမတိုင်ခင် ဇန်နဝါရီလအတွင်းက တောင်ကြီးမြို့နယ်၊ အေးသာယာမြို့မှာ ပြုလုပ်ခဲ့တဲ့ တပ်မတော်ထောက်ခံပွဲကိုလည်း ပါဝင်ဦးဆောင်ခဲ့တဲ့ပါတီဖြစ်ပါတယ်။

အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီ (NUD) ကိုတော့ ၂၀၁၈ ခုနှစ်မှာ NLD ပါတီဝင်ဟောင်း မအူပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့သူ ဦးစိန်ဝင်းက တည်ထောင်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။