အကြမ်းဖက်သတ်ဖြတ်မှုတွေအတွက် တာဝန်ခံရမယ်လို့ ဗြိတိန်ထုတ်ပြန်

RFA Burmese
2024.06.04
အကြမ်းဖက်သတ်ဖြတ်မှုတွေအတွက် တာဝန်ခံရမယ်လို့ ဗြိတိန်ထုတ်ပြန် ရခိုင်ပြည်နယ် စစ်တွေမြို့က ရဲတပ်ဖွဲ့ဝင်တွေတချို့ကို တွေ့ရစဥ်။
RFA

မြန်မာနိုင်ငံတစ်ဝန်း အရပ်သားပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ ဆက်လက်ကျူးလွန်နေပြီး ဒီကျူးလွန်မှုတွေအတွက် တာဝန်ခံမှုရှိရမယ်လို့ ဇွန်လ ၄ ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးကနေ ထုတ်ပြန်လိုက်ပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဖြစ်ပွားခဲ့တဲ့ လူမဆန်တဲ့သတ်ဖြတ်မှုတွေအတွက် ဗြိတိန်အစိုးရအနေနဲ့ ဝမ်းနည်းကြောင်းနဲ့ ထိခိုက်နစ်နာခဲ့ရတဲ့ မိသားစုဝင်တွေအတွက်လည်း သတိတရဆုတောင်းပေးနေတယ်လို့လည်း ရေးသားထားပါတယ်။

ဒါ့အပြင် အရပ်သားပြည်သူအားလုံးကို အကာအကွယ်ပေးရမှာ ဖြစ်တယ်လို့လည်း တိုက်တွန်းထားပါတယ်။

စစ်တွေမြို့အနီး ဆတ်ရိုးကျရပ်ကွက် (ယခင် ဗျိုင်းဖြူရွာ) မှာ မေလ ၂၉ ရက်နေ့ကစပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး သတ်ဖြတ်ခံရသူ အရပ်သား ၇၆ ဦးအထိ ရှိလာပြီလို့ ရက္ခိုင့်တပ်တော် (AA) က ဇွန်လ ၄ ရက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒီဗျိုင်းဖြူရွာသားတွေ အစုလိုက်အပြုံလိုက် နှိပ်စက်သတ်ဖြတ်ခဲ့တာကို ပြင်းထန်စွာရှုတ်ချကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း ဇွန်လ ၃ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။