မြန်မာ တပ်နဲ့ရဲအရာရှိတွေကို တဦးချင်း ပိတ်ဆို့အရေးယူမှု ဗြိတိန် သက်တမ်းထပ်တိုး


2020.08.12
myanmar-border-guard-622.jpg ရခိုင်ပြည်နယ် မောင်တောမြို့နယ်က နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တဦး။
File Photo/ Reuters

ဗြိတိန်နိုင်ငံက မြန်မာ့တပ်မတော်နဲ့ နယ်ခြားစောင့်တပ်က အရာရှိ ၁၄ ယောက်ကို ချမှတ်ထားတဲ့ တဦးချင်းသီးခြားအရေးယူပိတ်ဆို့မှုကို သက်တမ်းထပ်တိုးလိုက်ပြီး ဖြည့်စွက်ပြင်ဆင်ချက်တချို့ကို သြဂုတ်လ ၁၁ ရက်နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။ ဒါဟာ ဥရောပသမဂ္ဂက ချမှတ်ထားပြီးသား အရေးယူမှုနဲ့တူညီအောင် ပြင်ဆင်တာလို့ ဆိုပါတယ်။

ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဒေသခံပြည်သူတွေ ဒုက္ခရောက်ရတဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်လို့ စစ်တပ်နဲ့ နယ်ခြားစောင့်တပ်အရာရှိတွေရဲ့ နာမည်၊ ကိုယ်ပိုင်နံပါတ်၊ တပ်ရင်းနံပါတ်၊ တာဝန်တွေကို တဦးချင်းဖော်ပြထားတဲ့နေရာမှာ ၂၀၁၈ ခုနှစ်က သတ်မှတ်ထားတဲ့ အချက်အလက်ကို လက်ရှိ ၂၀၂၀ ကာလ အချက်အလက်တချို့နဲ့ ပြင်ဆင်လိုက်တာ ဖြစ်ပါတယ်။

အဓိကကတော့ ဒီပုဂ္ဂိုလ်တွေကို အဲဒီပြည်နယ်သုံးခုထဲမှာ တရားဥပဒေမဲ့သတ်ဖြတ်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ ရိုဟင်ဂျာတွေရဲ့ ရွာတွေအိမ်တွေမီးရှို့မှု၊ လူ့အခွင့်အရေးချိုးဖောက်မှု၊ နှိပ်စက်ညှဉ်းပန်းမှုတွေမှာ တာဝန်ရှိသူတွေအဖြစ် သတ်မှတ်ပြီးအရေးယူဒဏ်ခတ်တာ ဖြစ်ပါတယ်။

အရေးယူတဲ့လုပ်ရပ်ကတော့ သူတို့ကို ဗြိတိန်နိုင်ငံ ပြည်ဝင်ခွင့်ပိတ်တာ၊ ဗြိတိန်နိုင်ငံက ဘဏ်တွေမှာ သူတို့ရဲ့ ငွေကြေးအပ်နှံမှုတွေ ရှိထားရင် အသွင်းအထုတ်လုပ်ခွင့်ပိတ်တာအပြင်၊ သူတို့နဲ့ပတ်သက်ပြီး စီးပွားရေးလုပ်မယ့်ကုမ္ပဏီတွေ ပုဂ္ဂိုလ်တွေကို တားမြစ်တာလည်း ပါဝင်ပါတယ်။ တကယ်လို့ ဒီတားမြစ်ချက်ကို ချိုးဖောက်ရင်၊ ဒါမှမဟုတ် ဥပဒေကို ရှောင်တိမ်းပြီး တဖက်လှည့်နဲ့ စီးပွားပူးပေါင်းလုပ်တာမျိုးတွေ တွေ့ရင်လဲ ရာဇဝတ်မှုလို့ သတ်မှတ်အရေးယူမှာဖြစ်ပါတယ်။

ဒဏ်ခတ်အရေးယူခံထားရတဲ့သူတွေကတော့ ကချင်ပြည်နယ်အတွက် ဗိုလ်ချုပ်ညီညီဆွေ၊ ရှမ်းပြည်နယ်အတွက် ဗိုလ်မှူးချုပ်ခင်လှိုင်၊ ရခိုင်ပြည်နယ်အတွက် ဗိုလ်မှူးချုပ်အောင်အောင်၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့က တပ်ကြပ် ကျော်ချေ၊ ရဲတပ်ကြပ်ကြီးဘကျော်၊ ဗိုလ်မှူးချုပ်သူရစန်းလွင်၊ တောင်ဘဇား နယ်ခြားစောင့်တပ်မှူး ထွန်းနိုင်၊ ဗိုလ်မှူးချုပ်သန်းဦး၊ ဗိုလ်ချုပ်မောင်မောင်စိုး၊ ရဲတပ်ရင်းမှူး သန့်ဇင်ဦး၊ ဗိုလ်မှူးချုပ်ခင်မောင်စိုး၊ ဗိုလ်မှူးအောင်မျိုးသူ၊ ဗိုလ်မှူးသန့်ဇော်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီးအောင်ကျော်ဇောတို့ ဖြစ်ပါတယ်။

သူတို့ကို အမေရိကန်နဲ့ ဥရောပက အရေးယူဒဏ်ခတ်ထားသလို၊ တပ်မတော်ကလည်း ၂၀၁၈ ခုနှစ်မှာ နေရာပြောင်းရွှေ့တာ၊ ရာထူးကနေ ထုတ်ပယ်တာတွေမျိုးနဲ့ အရေးယူထားတယ်လို့ အဲဒီအချိန်က ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ခဲ့ပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။