ဖခင်အတွက် အမှန်တရားပေါ်လာဖို့ မျှော်လင့်
2017.08.18
မိသားစုအတွက် မျှော်လင့်ချက်ဟာ အမှန်တရားပေါ်ပေါက်ဖို့အတွက်သာဖြစ်တယ်လို့ လုပ်ကြံသတ်ဖြတ်ခံရတဲ့ တရားလွှတ်တော်ရှေ့နေ ဦးကိုနီရဲ့ သမီးဖြစ်သူ ဒေါက်တာ ယဉ်နွယ်ခိုင် က ပြောပါတယ်။
ဒီကနေ့ ရန်ကုန်တိုင်း အင်းစိန်မြို့နယ် တရားရုံးမှာ မျက်မြင်သက်သေအဖြစ် ထွက်ဆိုခဲ့ပြီး သတင်းထောက်တွေ ကို ပြောတာဖြစ်ပါတယ်။
"ကျမတို့က ကာယကံရှင်ဆိုတော့ မြန်တယ်၊ နှေးတယ် အဲလိုတော့ဖြစ်တာပေါ့၊ စိတ်ထဲမှာတော့ နှေးနေ သလိုတော့ ခံစားရတာပေါ့ ဒါပေမဲ့ လုပ်ထုံးလုပ်နည်းပိုင်းတွေကျတော့ ကျမတို့က နားမလည်ဘူးလေ၊ လုပ်ထုံးလုပ်နည်းအရ ဒါကြာသင့်သလောက် ကြာတယ်ဆိုရင်တော့လည်း မတက်နိုင်ဘူးပေါ့နော်၊ ကျမ မျှော်လင့်တာကတော့ မှန်မှန်ကန်ကန်ဖြစ်ဖို့ပဲ အရေးကြီးပါတယ်၊ မြန်ခြင်း နှေးခြင်းတော့ ကိစ္စမရှိပါဘူး၊ ဘယ်အချိန်ပဲ အဖြေထွက်လာထွက်လာ အမှန်တစ်ခုထွက်လာဖို့ပဲ ကျမ မျှော်လင့်တယ်၊ ကိုယ့်အိမ်က လူတစ်ယောက် ဒီလိုဖြစ်သွားတာကို သိချင်လားလို့မေးရင် သေချာတာပေါ့၊ သိပ်သိချင်တာပေါ့၊ ဘာကြောင့်လဲ ဆိုတာ သိချင်တယ်၊ ဘယ်သူလုပ်တာလဲဆိုတာ ကျမတို့ သေချာပေါက်သိချင်တာပေါ့၊ ကျမ ပြောနေတဲ့အမှန် တရားဆိုတာ အဲဒါပဲ၊ ဘာကြောင့်လုပ်တာလဲ၊ ဘယ်သူတွေလုပ်တာလဲ၊ အဲဒါတွေ ကျမတို့ အကုန်သိချင်ပါတယ်"
ဦးကိုနီသမီး အပါအဝင် လုပ်ကြံသူ ကြည်လင်း တည်းခိုခဲ့တဲ့ မင်္ဂလာတောင်ညွန့်မြို့နယ်က ဘုန်းကြီးကျောင်းက ဘုန်းကြီး ၁ ပါး၊ ကြည်လင်းရဲ့ ပစ္စည်းတွေကို သိမ်းဆည်းတဲ့ ရဲအရာရှိ၊ ရှာဖွေပုံစံမှာ လက်မှတ်ရေးထိုးတဲ့ မင်္ဂလာတောင်ညွန့်မြို့နယ်က ရပ်ကွက်အုပ်ချုပ်ရေးမှူး စုစုပေါင်း သက်သေ ၄ ယောက်ကို စစ်ဆေးခဲ့တာဖြစ် ပါတယ်။
ရှေ့နေဦးကိုနီအမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးခင်မောင်ဌေးက အမှုနဲ့ပတ်သက်ပြီး ပြောရာမှာ အခုအမှုဟာ ရန်ငြိုးရန်စမရှိသလို တယောက်နဲ့ တယောက်မသိဘဲ သတ်တာဖြစ်တဲ့အတွက် တဖြည်းဖြည်း စိတ်ဝင်စားစရာကောင်းလာပြီလို့ ပြောပါတယ်။
ရှေ့နေ ဦးကိုနီဟာ ဇွန်လ ၂၉ ရက်နေ့ အင်ဒိုနီးရှားနိုင်ငံက ပြန်အလာ ရန်ကုန်လေဆိပ်အရောက် ညနေပိုင်းမှာ လုပ်ကြံခံခဲ့ရဖြစ်ပါတယ်။ အဲဒီအချိန်က သမီးဖြစ်သူ ဒေါက်တာယဉ်နွယ်ခိုင်က ဖခင်ဖြစ်သူကို သွားရောက်ကြိုဆို ခဲ့တဲ့အတွက် မျက်မြင်သက်သေအဖြစ် ထွက်ဆိုတာပါ။