နည်းလမ်းပေါင်းစုံသုံးပြီး မြန်မာပြည်သူတွေကို ကာကွယ်ပေးဖို့ UN မှာ ဦးကျော်မိုးထွန်းပြော

2022.01.25
နည်းလမ်းပေါင်းစုံသုံးပြီး မြန်မာပြည်သူတွေကို ကာကွယ်ပေးဖို့ UN မှာ ဦးကျော်မိုးထွန်းပြော ဇန်နဝါရီလ ၂၄ ရက်က အမေရိကန်နိုင်ငံ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပတဲ့ အထွေထွေညီလာခံ တက်ရောက်လာသော မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း။
Photo: Permanent Mission of Myanmar to the United Nations

စစ်အာဏာသိမ်းဒဏ်ခံနေရတဲ့ မြန်မာပြည်သူတွေကို နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ နည်းလမ်းပေါင်းစုံသုံးပြီး အကာအကွယ်ပေးဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက မေတ္တာရပ်ခံလိုက်ပါတယ်။

ဇန်နဝါရီလ ၂၄ ရက် မနေ့က အမေရိကန်နိုင်ငံ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပတဲ့ အထွေထွေညီလာခံ မျက်နှာစုံညီအစည်းအဝေးမှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက် မြန်မာစစ်တပ်ဟာ လူသားမျိုးနွယ်စုအပေါ်ကျူးလွန်တဲ့ ပြစ်မှုနဲ့ စစ်ရာဇဝတ်မှု ကျူးလွန်နေပြီး လူ့အခွင့်အရေးနဲ့ လူသားချင်း စာနာထောက်ထားမှု ဥပဒေတွေကို ချိုးဖောက်နေတယ်လို့ ဦးကျော်မိုးထွန်းက ပြောခဲ့ပါတယ်။

ကုလသမဂ္ဂပဋိဉာဏ်စာတမ်းမှာပြဌာန်းထားချက်တွေအတိုင်း နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ နည်းလမ်းပေါင်းစုံသုံးပြီး မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေကို အချိန်မီ ပြတ်ပြတ်သားသားနဲ့ ကာကွယ်ပေးဖို့ လိုတယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းထားတာ တစ်နှစ်တင်းတင်းပြည့်တော့မှာဖြစ်သလို စစ်တပ်ကအာဏာသိမ်းပြီးနောက် လူပေါင်း ၁၄၄၇ ဦးသတ်ဖြတ်ခံခဲ့ရပြီး၊ ထောင်ပေါင်းများစွာ ဖမ်းဆီးညှဥ်းပန်းနှိပ်စက်ခံနေရတယ်လို့လည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ထောက်ပြပြောဆိုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။