ဦးကြည်မောင် ကွယ်လွန်ခြင်း ၁၀ နှစ်ပြည့် ကျင်းပ


2014.08.19
ukyimaung-memorial-305.jpg ဦးကြည်မောင် ကွယ်လွန်ခြင်း ၁ဝ နှစ်ပြည့် အထိမ်းအမှတ်ကို သြဂုတ်လ ၁၉ ရက်နေ့က ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပရာ NLD နာယက ဦးတင်ဦး နှုတ်ခွန်းဆက်စကားပြော ကြားစဉ်
Photo: Kyaw Zaw Win/RFA

၁၉၉၀ ပါတီစုံရွေးကောက်ပွဲကာလမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ဦးဆောင်ခဲ့သူ ဦးကြည်မောင် ကွယ်လွန်ခြင်း ၁၀နှစ်ပြည့်အခမ်းအနားကို မိသားစုဝင်တွေ၊ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်တွေ နဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ စုပေါင်းပြီး ရန်ကုန်မြို့ ရွှေဂုံတိုင်က တော်ဝင်နှင်းဆီခန်းမမှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။

အခမ်းအနားကို တက်ရောက်လာတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးက ဦးကြည်မောင်ကို ဂါရဝပြုကြောင်း အခုလိုပြောကြားခဲ့ပါတယ်။

"ဒီနေ့ ကျနော်တို့ ဆုံးရှုံးတဲ့လွတ်လပ်ရေး၊ ဆုံးရှုံးတဲ့ဒီမိုကရေစီအရေး ဒါကိုပြည်သူလူထုရဲ့ မူလပိုင်ခွင့်ကို အေးအေးချမ်းချမ်း ပြန်ရသွားတဲ့ဟာကို သူလုံးပမ်းသွားချင်တယ်ဆိုတဲ့ စိတ်ဓာတ်စေတနာ အလွန်ကြီးမားတယ်၊ နောက်သူ့ကိုယ်တိုင်ကလည်းပဲ နိုင်ငံရေးအားဖြင့်သော်၎င်း၊ စစ်ရေးအားဖြင့်သော်၎င်း ဒီနေ့ဆက်သွားရမယ့် အခြေအနေနဲ့ လျော်ညီအပ်တဲ့ ရှေ့ကိုမြင်စွမ်းရှိတဲ့ ခေါင်းဆောင်ဟောင်းတစ်ယောက်အနေ နဲ့ ဒီလိုနေ့မှာ မိသားစုနဲ့တကွ တပည့်သားသမီး၊ လုပ်ဖော်ကိုင်ဖက်အားလုံးက ဒီကနေပြီးတော့ ဝမ်းနည်းကြေ ကွဲပြီး ၁ဝ နှစ်မြောက် ဦးကြည်မောင် ဂုဏ်ပြုအထိမ်းအမှတ်ကို လာရောက်ပြီးတော့ လေးစားဂါရဝပြုရင်း ရိုသေစွာ ကန်တော့ရင်း နှုတ်ခွန်းစကားပြောရင် နိဂုံးချုပ်ပါတယ်"

ဦးကြည်မောင်ဟာ ၁၉၄၁ ခုနှစ်မှာ ဘီအိုင်အေတပ်ကို ဝင်ရောက်ခဲ့ပြီး ၁၉၄၃ ခုနှစ်ကနေ ၁၉၄၅ ခုနှစ်ထိ ဂျပန်ပြည်ဘုရင့်စစ်တက္ကသိုလ်မှာ တက်ရောက်ခဲ့သူ ဖြစ်ပါတယ်။

၁၉၅၈ ခုနှစ်ကစပြီး ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ အနောက်တောင်ပိုင်း စစ်ဌာနချုပ်တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၆၃ ခုနှစ် ဖေဖော်ဝါရီလမှာ တာဝန်ကနေ အနားယူခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်တည်ထောင်ချိန်မှာ ဗဟိုအလုပ်အမှုဆောင်အဖဲ့ွဝင် သုတေသနဌာနမှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၉၀ ရွေးကောက်ပွဲကာလမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ဦးဆောင်ခဲ့ သူဖြစ်ပါတယ်။

၁၉၉၅ ခုနှစ်ကစပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ပြီး ၂၀၀၄ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့မှာ နှလုံးရောဂါနဲ့ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

ဒီနေ့အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း၊ နိုင်ငံရေး အကျဉ်းသားဟောင်းတွေနဲ့ မိသားစုဝင်တွေ စုစုပေါင်း ၃၀၀ လောက် တက်ရောက်ခဲ့ပါတယ်။

ဒီအတောအတွင်း ငြိမ်းချမ်းရေးစာဆိုတော် စာရေးဆရာကြီး ဒဂုန်တာရာ ကွယ်လွန်ခြင်း တစ်နှစ်ပြည့် အခမ်းအနားကို ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့က မယ်ခိုတောင်ကျောင်းတိုက်မှာ ဒီကနေ့ ကျင်းပခဲ့တယ်လို့ ဆရာဒဂုန်တာရာ ဂူဗိမာန်စောင့်ရှောက်ရေးကော်မတီ ဒုတိယဥက္ကဌ စာရေးဆရာ ထက်မြက်က ပြောပါတယ်။

ဒီကနေ့ကျင်းပတဲ့ အခမ်းအနားမှာ မြန်မာနိုင်ငံ စာရေးဆရာများသမဂ္ဂ၊ မြန်မာနိုင်ငံ အလုပ်သမားအဖွဲ့ချုပ်၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်နဲ့ ၁၉၉၀ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့တို့က သဝဏ်လွှာတွေ အသီးသီးဖတ်ကြားခဲ့ကြပြီး ကဗျာဆရာတွေကလည်း ဆရာဒဂုန်တာရာ အမှတ်တရကဗျာတွေ ရွတ်ဖတ်ခဲ့ကြပါတယ်။

အခမ်းအနားကို မြန်မာနိုင်ငံ စာရေးဆရာများသမဂ္ဂ၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ ၁၉၉၀ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ ပြင်ဦးလွင် စတဲ့မြို့တွေက စာရေးဆရာတွေ၊ ကဗျာဆရာတွေနဲ့ ဒေသခံတွေအပါအဝင် လူ ၁၂၀ ကျော် တက်ရောက်ခဲ့ပါတယ်။

ဆရာကြီး ဒဂုန်တာရာရဲ့ ဂူဗိမာန်ကို မယ်ခိုတောင်ပေါ်မှာ လက်ရှိတည်ဆောက်နေတာဖြစ်ပြီး လာမယ့် ၂၀၁၅ ခုနှစ် မေလ ၁၀ ရက်နေ့မှာကျရောက်မယ့် ဆရာကြီးရဲ့ ၉၆ နှစ်မြောက်မွေးနေ့အမီ ဖွင့်လှစ်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

အသက် ၉၅ နှစ်အရွယ် ဆရာကြီး ဒဂုန်တာရာဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၉ ရက်နေ့က ရှမ်းပြည်နယ် တောင်ပိုင်း၊ အောင်ပန်းမြို့မှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။