အစိုးရနဲ့ တပ်မတော်က ရခိုင်တွေအပေါ် ကျူးလွန်မှု သက်သေနဲ့တကွ တင်ပြမည်


2018.09.15
govt-army-622 အစိုးရတပ်မတော်သားတချို့ကို တွေ့ရစဉ်
Photo: RFA

အစိုးရနဲ့ တပ်မတော်က ရခိုင်လူမျိုးတို့အပေါ် ဥပဒေမဲ့ ကျူးလွန်နေတာတွေကို အချက်အလက် သက်သေတွေ စုဆောင်းပြီး နိုင်ငံတကာ အဖွဲ့အစည်းတွေထံ တိုင်ကြားသွားမယ်လို့ ရခိုင်အမျိုးသားအဖွဲ့ချုပ် ULA က ဒီနေ့ ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။

ရက္ခိုင့်တပ်မတော် AA သတင်းပြန်ကြားရေးဌာနက စက်တင်ဘာလ ၁၅ ရက်နေ့ ရက်စွဲနဲ့ အခုလို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့က မြောက်ဦးမြို့ အထွေထွေအုပ်ချုပ်ရေးမှူး ရုံးရှေ့မှာ ဆန္ဒပြခဲ့သူတွေကို သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ ရခိုင်လူမျိုး ၁၀ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရှိခဲ့တာ၊ ဒဏ်ရာ ရသူတွေကိုလည်း မတရားအမှုဆင်ပြီး ထောင်ချခဲ့တာတွေ ရှိတယ်လို့ အဲဒီကြေညာချက်မှာ ဖော်ပြ ထားပါတယ်။

ဒါ့အပြင် သြဂုတ်လ ၂၄ ရက်နေ့ကလည်း တောင်ကြီးကနေ ကျိုင်းတုံကို သွားမယ့် ရခိုင်လူမျိုး ၅၁ ဦးကို ကွန်ဟိန်းမြို့နယ် သံလွင်ကူးတို့ ရဲကင်းက ခရီးသွားလာခွင့် တားမြစ်ခဲ့တာတွေဟာ နိုင်ငံသားအခွင့်အရေးကို ချိုးဖောက်ခံရတာကို ပြသတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒီလိုအချက်တွေဟာ NLD အစိုးရ နဲ့ တပ်မတော်တို့ ဆောင်ရွက်နေတဲ့  ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးကို အနှောင့်အယှက် ဖြစ်စေရုံသာမက ပြည်ထောင်စုကြီးထဲမှာ ဖိနှိပ်အနိုင်ကျင့်တယ်လို့ ခံစားနေရတဲ့ သူတွေအတွက် အနာဂတ်မှာ မေးခွန်းထုတ်စရာဖြစ်စေတယ်လို့ ပါရှိပါတယ်။

အဲဒီ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ရခိုင်အမျိုးသား အဖွဲ့ချုပ်က ပြန်ကြားရေးတာဝန်ခံကို RFA က ဆက်သွယ်မေးမြန်း ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။