ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အကူအညီတွေ လိုင်ဇာဒေသကို စတင်ရောက်ရှိ


2013.09.09

ကုလသမဂ္ဂအဖွဲ့နဲ့ နိုင်ငံတကာ လူသားချင်းစာနာမှု အကူအညီပေးရေးအဖွဲ့တွေဟာ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ရုံးစိုက်ရာ လိုင်ဇာမြို့နဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်းတွေကို အခြေခံစားနပ်ရိက္ခာနဲ့ ဆေးဝါးတွေကို အခုလ ၇ ရက်နေ့ကစတင်ပြီး သွားရောက်ပေးပို့နေပါတယ်။

ကချင်ပြည်နယ်မှာ အစိုးရနဲ့ KIO တပ်တွေ စစ်ပွဲဖြစ်ပွားခဲ့တဲ့ ၁ နှစ်ခွဲကာလအတွင်း အခုလိုသွားရောက်ကူညီတာဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ရန်ကုန်မြို့အခြေစိုက် ကုလသမဂ္ဂရုံး ပြောရေးဆိုခွင့်ရှိသူ ဦးအေးဝင်းက RFA ကို ဒီကနေ့ လိုက်ပြောပါတယ်။

အဓိကကတော့ စားနပ်ရိက္ခာ၊ ဆေးဝါး၊ တစ်ကိုယ်ရေသန့်ရှင်းဖို့ ပစ္စည်းတွေကို အဓိကထားပြီးတော့ ပေးမယ်လို့တော့သိထားပါတယ်၊ လောလောဆယ် လိုင်ဇာရယ်၊ လိုင်ဇာနားမှာရှိတဲ့ စခန်း ၂ ခု၊ ၃ ခုမှာပါ”

ဒါ့အပြင် ကုလသမဂ္ဂအနေနဲ့ စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်လည်နေထိုင်ရေးနဲ့ အခြားလူသားချင်းစာနာမှုဆိုင်ရာ အကူညီတွေကိုလည်း ထပ်မံပေးပို့သွားဖို့ အစီအစဉ်ရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၈ ရက်နေ့တုန်းကလည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းရဲ့ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေနမ်ဘီးယားဟာလိုင်ဇာမြို့မှာရှိတဲ့  ကေအိုင်အိုခေါင်းဆောင်တွေနဲ့
တွေ့ဆုံခဲ့သလို ကယ်ဆယ်ရေးစခန်းအချို့ကိုလည်း သွားရောက်လေ့လာခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။