ဦးထင်လင်းဦးကို ပြန်လွှတ်ဖို့ ကုလ တောင်းဆို


2015.06.04
htinlinoo-620 စာရေးဆရာ ထင်လင်းဦးကို စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်တရားရုံးမှာ ဇွန်လ ၂ ရက်နေ့က တွေ့ရစဉ်
Photo: Htin Lin Oo(facebook)

စာရေးဆရာထင်လင်းဦးကို ထောင်ဒဏ်ချမှတ်လိုက်တဲ့အတွက် ကုလသမဂ္ဂလူ့အခွင့်အရေး ကော်မရှင်ရုံး က ပြစ်တင်ဝေဖန်လိုက်သလို၊ သူ့ကို ပြန်လွှတ်ပေးဖို့ မြန်မာအစိုးရကို မနေ့ကရက်စွဲနဲ့ ကြေညာချက်ထုတ်ပြီး တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

မြန်မာအစိုးရဟာ အကြမ်းဖက်မှုတွေကျူးလွန်ခဲ့တဲ့ ဘာသာရေးအစွန်းရောက်တွေကို အရေးယူရမယ့်အစား၊ ဘာသာရေးနဲ့ပတ်သက်လို့ စိတ်ရှည်သည်းခံဖို့ တိုက်တွန်းဟောပြောခဲ့တဲ့ စာရေးဆရာကို ထောင်ချလိုက်တယ်လို့ ကုလသမဂ္ဂက ဝေဖန်လိုက်တာဖြစ်ပါတယ်။

ဒါ့အပြင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို မထိခိုက်အောင် ကာကွယ်ဖို့ကိုလည်း တိုက်တွန်းလိုက်ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်မင်းကြီး ဇိုက်ဟူစိန်က စာရေးဆရာ ထင်လင်းဦး ကိစ္စနဲ့ပတ်သက်လို့ စိုးရိမ်ကြောင်း မြန်မာအစိုးရကို အစောပိုင်းကတည်းက ပြောဆိုထားသလို၊ ပြုပြင်ပြောင်းလဲရေးတွေ ဆောင် ရွက်နေတယ်လို့ ပြောဆိုကတိတွေပေးနေတဲ့ကြားကပဲ ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်တွေအတွက် ပြောဆိုနေ တဲ့ နိုင်ငံသားတွေကို ထောင်ချနေတာဟာ နိုင်ငံရေးအကျဉ်းသား မျိုးဆက်သစ်တွေ ဆက်ပြီးမွေးသလိုဖြစ်နေပြီလို့ သတိပေးထားပါတယ်။

ဘာသာရေးအရ အမုန်းတရားတွေပွါးအောင် ဟောပြောစည်းရုံးနေတာ၊ အကြမ်းဖက်မှုကျူးလွန်တာ တွေကိုလည်း ဥပဒေနဲ့တင်းတင်းကြပ်ကြပ်တားမြစ်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်က မြန်မာအစိုးရကို တောင်းဆို လိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။