ကုလအဖွဲ့အစည်းတွေ ဘက်မလိုက်ဖို့ စစ်ကောင်စီ ပြော

RFA Burmese
2024.10.08
ကုလအဖွဲ့အစည်းတွေ ဘက်မလိုက်ဖို့ စစ်ကောင်စီ ပြော စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် ကုလသမဂ္ဂအေဂျင်စီတို့ နေပြည်တော်ရှိ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနရုံးတွင် ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့က တွေ့ဆုံနေစဉ်။
Ministry of Foreign Affairs Myanmar

မြန်မာနိုင်ငံအခြေအနေကို သမာသမတ်ကျကျ ဘက်မလိုက်ဘဲ နိုင်ငံတကာကို အသိပေးစေလိုကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက ကုလသမဂ္ဂအဖွဲ့အစည်းတွေကို ပြောလိုက်ပါတယ်။

စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးနဲ့ ကုလသမဂ္ဂအေဂျင်စီတို့ နေပြည်တော်မှာရှိတဲ့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနရုံးမှာ အောက်တိုဘာ ၈ ရက်နေ့က တွေ့ဆုံဆွေးနွေးရာမှာ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက ပြောလိုက်တာလို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီက ကုလသမဂ္ဂအေဂျင်စီတွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ ပေးပို့တဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို ပိတ်ဆို့တားဆီးတာတွေမရှိဘဲ လုံခြုံရေးဆောင်ရွက်ပေးနိုင်တဲ့ ဒေသအားလုံးကို ခွင့်ပြုဆောင်ရွက်ပေးနေတယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေကို ပါတီနိုင်ငံရေးလမ်းကြောင်း (ဒါမှမဟုတ်) ရွေးကောက်ပွဲလမ်းကြောင်းကနေ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဆောင်ရွက်နိုင်ဖို့ ဖိတ်ခေါ်ထားတဲ့အကြောင်းလည်း ဦးသန်းဆွေက ကုလအဖွဲ့တွေကို ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံပွဲကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၊ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA)၊ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP)၊ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO)၊ ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA)၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) စတဲ့ ကုလသမဂ္ဂအေဂျင်စီတွေက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံခဲ့တဲ့ အခြေအနေကို ကုလသမဂ္ဂ အေဂျင်စီတွေက တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။