ရွေးကောက်ပွဲ ပွင့်လင်းမြင်သာ တည်ငြိမ်စွာ ကျင်းပနိုင်ရေး ကုလနဲ့ သံရုံး ၁၁ ခု တိုက်တွန်း


2015.11.06

နိုဝင်ဘာလ (၈) ရက်နေ့မှာ ကျင်းပမယ့်ရွေးကောက်ပွဲကို တည်ငြိမ်အေးချမ်းစွာ ကျင်းပနိုင်ရေးနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ၊ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နဲ့ သြစတြေးလျအပါအဝင် သံရုံးပေါင်း (၁၁) ခုက ဒီကနေ့ မှာ ကြေညာချက်တစ်စောင် ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။

မြန်မာ့သမိုင်းဝင်ရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ မြန်မာပြည်သူအားလုံးကို အားပေး ထောက်ခံလျက်ရှိကြောင်း ၊ ရွေးကောက်ပွဲဖြစ်စဉ်ကို အနီးကပ်လေ့လာနေသူ နိုင်ငံ တကာ မိတ်ဘက်အဖွဲ့အစည်း များအနေဖြင့် လည်း ရွေးကောက်ပွဲကို ငြိမ်းချမ်းစွာ၊ ပွင့်လင်းမြင်သာစွာဖြင့် ပြည်သူအားလုံး၏ ဆန္ဒနှင့် အညီကျင်းပနိုင်ရန် အတွက် ရွေးကောက်ပွဲကာလနှင့် ရွေးကောက်ပွဲအလွန်ကာလများတွင်လည်း တည်ငြိမ်မှုရှိကြရန်၊ အားလုံးတန်း တူညီမျှ ဆက်ဆံကြဖို့နဲ့ ယှဉ်ဖက်ပါတီများနှင့် ကိုယ်စားလှယ် လောင်းများကြား တွေ့ဆုံဆွေးနွေးကြဖို့ကိုလည်း အဲဒီကြေညာချက်ထဲမှာ တိုက်တွန်းထားပါတယ်။

ဒါ့အပြင်လည်း ရွေးကောက်ပွဲအောင်မြင်နိုင်အတွက် အစိုးရ၊ နိုင်ငံရေးပါတီတွေနဲ့အတူ အရပ်ဘက်အဖွဲ့အစည်းများ၊ မီဒီယာများအပြင် အထူးသဖြင့် ပြည်သူများ တွင် တာဝန်ရှိပြီး ငြိမ်းချမ်းစွာ အတူတကွ ညီညီညာညာ လက်တွဲ ကာ ရှေ့ဆက် ဆောင်ရွက်သွားရမည်ဖြစ်သည်လို့လည်း ဖော်ပြထားပါတယ်။

မိမိတို့၏ဆန္ဒကို ထုတ်ဖော်နိုင်ရန်အတွက် မဲရုံများသို့ အရောက်သွားပြီး လွတ်လပ်စွာ မဲပေးကြလိမ့်မယ် လို့ မျှော်လင့်ကြောင်းနဲ့ နိုင်ငံတကာအသိုက်အဝန်း က မြန်မာပြည်သူများကို အားပေးကူညီသွားဖို့ အခိုင်အမာ ဆုံးဖြတ်ထားတဲ့အတိုင်း လက်ရှိ ရွေးကောက်ပွဲကာလ ဖြစ်စဉ်တစ်ခုလုံးနဲ့ ၂ဝ၁၆ ခုနှစ်မှာ အစိုးရအသစ်တစ်ရပ် ဖွဲ့စည်းနိုင်တဲ့အထိ အနီးကပ် ဆက်လက်စောင့်ကြည့်သွားမယ်လို့လည်း သံရုံးတွေက စုပေါင်းထုတ်ပြန် တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။