ကေအိုင်အို ထိန်းချုပ်နယ်မြေမှာ ကုလသမဂ္ဂ သွားရောက်ကူညီခွင့် စတင်ရရှိ
2013.06.14
ကေအိုင်အို ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ ထိန်းချုပ်ရာဒေသက စစ်ပြေးဒုက္ခသည်တွေအတွက် ကုလသမဂ္ဂ လူသားချင်းဆိုင်ရာ ထောက်ပံ့ကူညီပေးရေးကို မြန်မာအစိုးရက ဒီကနေ့ ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန်ပါတယ်။
တိုက်ပွဲဖြစ်ပွားရာဒေသတွေက ဒုက္ခသည်တွေဆီ ကုလသမဂ္ဂအဖွဲ့တွေ ဝင်ရောက်အကူအညီပေးရေးကို မြန်မာအစိုးရက ပိတ်ပင်ထားခဲ့တာ တစ်နှစ်နီးပါးရှိခဲ့ပြီဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ထရပ်ကား ၁၀ စီးနဲ့ အကူအညီပေးရေး ပစ္စည်းတွေတင်ဆောင်သွားတဲ့ ကုလသမဂ္ဂယာဉ်တန်းဟာ ဒီကနေ့ လိုင်ဇာမြို့က ဒုက္ခသည်တွေဆီ ရောက်ရှိသွားပြီဖြစ်ကြောင်း ရန်ကုန်ကုလသမဂ္ဂရုံး တာဝန်ခံ ဦးအေးဝင်းက ပြောပါတယ်။
"ဒီနေ့သူတို့ လက်ဂျားယန်ကို ရောက်တယ်လို့ သိရပါတယ်၊ စားနပ်ရိက္ခာတို့၊ နောက်တစ်ကိုယ်ရေသန့်ရှင်းရေး ပစ္စည်းတွေ၊ တခြားအိမ်ထောင်စုပစ္စည်းတွေလည်းပါတယ်၊ လူ ၅ ထောင်ကျော်ကျော်လောက်အတွက် သူတို့ယူသွားတယ်၊ အဲကိုမရောက်နိုင်တာ အခုဆိုတစ်နှစ်နီးနီးရှိနေပြီ၊ မိုးရာသီဝင်တဲ့အချိန် ဒီလိုသွားနိုင်တာဟာ တော်တော့်ကိုဝမ်းသာစရာကောင်းတယ်ပေါ့လေ၊ ဒါပေမယ့် ဆက်ပြီးတော့သွားနိုင်ဖို့ အခွင့်အလမ်းရှိဖို့က လိုတယ်ဗျ၊ ပြန်လာတဲ့အခါကျလို့ရှိရင် အဲဒီကအခြေအနေကိုလည်း ကျနော်တို့ ပိုပြီးတော့သိရမယ်၊ နောက်တခြားဘာတွေ အထူးလိုအပ်တယ်ဆိုတာ ခန့်မှန်းလို့ရသွားတာပေါ့ဗျာ"
ကချင်ပြည်နယ်မှာ လွန်ခဲ့တဲ့ ၂ နှစ်နီးပါးအတွင်း တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာကြောင့် ဒေသခံ ၁ သိန်း နီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပြီး ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေရပါတယ်။ ဒုက္ခသည် တစ်ဝက်ခန့်ဟာ ကေအိုင်အို ထိန်းချုပ်ရာနယ်မြေထဲမှာရှိတာကြောင့် မြန်မာအစိုးရက အကူအညီပေးရေးအဖွဲ့တွေကို ပိတ်ပင်ခဲ့ပါတယ်။
မြန်မာအစိုးရနဲ့ ကေအိုင်အို ခေါင်းဆောင်တွေရဲ့တွေ့ဆုံပွဲမှာ အပစ်အခတ်ရပ်စဲရေးအတွက် နှစ်ဘက်တပ်တွေအကြား တိုက်ပွဲတွေ အရင်လျော့ချရေး သဘောတူညီခဲ့ပြီးနောက် အခုလို ဒုက္ခသည်တွေကို ကူညီခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။