နိုင်ငံရေးအကျဉ်းသားအားလုံးလွှတ်ဖို့ ကုလလူ့အခွင့်အရေးကော်မရှင် တောင်းဆို
2023.01.06
မြန်မာနိုင်ငံမှာ အကျဉ်းသားတွေကိုလွတ်ငြိမ်းသက်သာခွင့်ပေးလိုက်တာဟာ မတရား ဖမ်းဆီးခံနေရသူတွေအတွက်တင် စိတ်သက်သာရာ ရစေတာမဟုတ်ဘဲ သူတို့ရဲ့မိသားစုတွေပါ စိတ်ချမ်းသာရာရစေတယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ Jeremy Laurence က ပြောလိုက်ပါတယ်။
ဒီအတွက် လူ့အခွင့်အရေးကော်မရှင်အနေနဲ့ အရးတကြီးဆက်ပြီး တောင်းဆိုချင်တာကတော့ ထောင်နဲ့ချီတဲ့ အကျဉ်းသားတွေပါ ပြန်လွှတ်ပေးဖို့ဖြစ်တယ်လို့ ဇန်နဝါရီလ ၆ ရက်နေ့မှာ ထုတ်ပြန်တဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အခုတစ်ကြိမ် လွတ်ငြိမ်းသက်သာခွင့်ဟာ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဖြစ်ပေမယ့် အဲဒီနေ့မှာပဲ စစ်ကောင်စီကို ဆန့်ကျင်တဲ့သူတွေကို ဆက်လက်ဖမ်းဆီးနေတယ် ဆိုတဲ့သတင်းတွေ သူတို့ရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံရသူတွေဟာ နှိပ်စက်ညှဉ်းပန်းခံခဲ့ကြရသလို ကောင်းကောင်းမွန်မွန် ဆက်ဆံတာမျိုးလည်း မရှိခဲ့ဘူးလို့ထောက်ပြပါတယ်။

အခုလို ဖမ်းဆီးထောင်ချတာတွေဟာ စစ်ကောင်စီကိုဆန့်ကျင်သံတွေ တိတ်ဆိတ်သွားအောင် လုပ်တာမျိုးတင်မကဘဲ အကြောက်တရားနဲ့ပါ ခြိမ်းခြောက်နေတာဖြစ်တယ်လို့လည်း ပြောပါတယ်။
ဒီနှစ်ဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း ၇၅ နှစ်မြောက် ဖြစ်တာနဲ့အညီ တိုင်းပြည်တွေမှာ လက်လွတ်စပယ် အဓမ္မဖမ်းဆီးတာတွေ အဆုံးသတ်ဖို့ လူ့အခွင့်အရေး ကော်မရှင်မင်းကြီးအနေနဲ့ တောင်းဆိုတယ်လို့ ကြေညာချက်မှာရေးသားထားပါတယ်။
ဒ့အပြင် ဒီသီတင်းပတ်ဟာ လူ့အခွင့်အရေးကြေညာစာတမ်း သမိုင်းမှတ်တိုင်ဖြစ်တဲ့အတွက် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားတောင်းဆိုလို့ ဖမ်းဆီးထားတဲ့သူတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ ကမ္ဘာတစ်ဝန်းက အစိုးရတွေကိုတောင်းဆိုထားပါတယ်။
မြန်မာနိုင်ငံပြဿနာရဲ့ လွတ်မြောက်ရာလမ်းဟာ ပြည်သူတွေကို အကျဉ်းချထားဖို့မဟုတ်ဘဲ သူတို့ကို နိုင်ငံရေးမှာ လွတ်လွတ်လပ်လပ် ပါဝင်ခွင့်ပေးဖို့ ဖြစ်တယ်လို့လည်း ကြေညာချက်မှာဖော်ပြထားပါတယ်။