လူ့အခွင့်အရေးကော်မတီက ထုတ်ပြန်မယ့် ဆုံးဖြတ်ချက် မူကြမ်းနဲ့ပတ်သက်လို့ မြန်မာအစိုးရတုံ့ပြန်


2018.11.08
un-assembly-622.jpg ကုလသမဂ္ဂ အထွေထွေညီလာခံကို ၂၀၁၈ စက်တင်ဘာ ၂၈ ရက်နေ့ကကျင်းပခဲ့စဉ်
Photo: Don EMMERT / AFP

ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ လူ့အခွင့်အရေးကော်မတီက နိုဝင်ဘာလ ၁၅ ရက်နေ့မှာ ထုတ်ပြန်မယ့် ဆုံးဖြတ်ချက်မူကြမ်းမှာ  မြန်မာနိုင်ငံကို လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန်ဝေဖန်မှုတွေနဲ့ ရိုဟင်ဂျာတွေကို နိုင်ငံသားပေးခွင့်မရှိတာကို အဆုံးသတ်ပေးဖို့ တောင်းဆိုမှုကို မြန်မာအစိုးရဘက်က လက်ခံသွားမှာမဟုတ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ် ဦးချမ်းအေး ကပြောပါတယ်။

မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး တင်ပြချက်တွေမှာ မြန်မာဘက်က လက်မခံနိုင်တဲ့ အသုံးအနှုန်းတွေ တင်ပြထားတာမို့ ကန့်ကွက်သွားမှာဖြစ်ပြီး မဲအရေအတွက်အရ ရှုံးနိမ့်မယ်ဆိုရင်တောင် ကန့်ကွက်မှုဟာ မှတ်တမ်းအနေနဲ့ ကျန်ရှိမှာဖြစ်တယ်လို့ ပြောပါတယ်။

ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင်အဖွဲ့ရဲ့ အစီရင်ခံစာကို အခြေခံပြီး OIC နိုင်ငံတွေနဲ့ ဥရောပနိုင်ငံတွေရဲ့ တင်ပြမှုကို အထွေထွေညီလာခံရဲ့ လူ့အခွင့်ရေးကော်မတီက လာမယ့်နိုဝင်ဘာလ ၁၅ ရက်နေ့မှာ ဆုံးဖြတ်ချက် ချသွားမှာဖြစ်ပါတယ်။

ဒါဟာပြီးခဲ့တဲ့ ၁၉၉၂ ခုနှစ်ကစပြီး မြန်မာနိုင်ငံအပေါ် နှစ်စဉ်ဆောင်ရွက်နေကျကိစ္စဖြစ်ကြောင်းနဲ့ ပြီးခဲ့တဲ့ နှစ်နှစ်ခန့်က ရပ်နားထားခဲ့ပြီး ရခိုင်ပြည်နယ် ပဋိပက္ခပြန်ပေါ်လာချိန်မှာ အခုလို ထပ်မံဆောင်ရွက်လာတာဖြစ်တယ် လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်သြဂုတ်လအတွင်း ရခိုင်ပြည်နယ် ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာသူ ၇၂၃၀၀၀ ရှိတယ်လို့ လူ့အခွင့်အရေးကော်မတီမှာ တင်သွင်းထားတဲ့ မူကြမ်းမှာ ဖော်ပြထားပါတယ်။

မြန်မာအစိုးရဘက်က ထွက်ပြေးသွားသူ ငါးသိန်းကျော်ရှိတယ်လို့သာ လက်ခံထားကြောင်းနဲ့ ထွက်သွားသူတွေရဲ့ စာရင်းအတိအကျရှိတယ်လို့ ဦးချမ်းအေး က ပြောပါတယ်။

ရိုဟင်ဂျာအပါအဝင် ရှမ်းနဲ့ ကချင်ပြည်နယ်တွေက လူနည်းစုတွေကို အမုန်းပွားအောင် သွေးတိုးလှုံ့ဆော်နေ တာတွေကို တိုက်ဖျတ်ပေးဖို့ မြန်မာအစိုးရကို တောင်းဆိုထားတဲ့ ဒီဆောင်ရွက်မှုအပေါ် မြန်မာဘက်က အမုန်းစကားတားဆီးရေး ဥပဒေမူကြမ်းတွေ ပြင်ဆင်ဆောင်ရွက်နေတယ်လို့ ဦးချမ်းအေး က ပြောပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မဝေမာထွန်း ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။