ကုလလူ့အခွင့်အရေးအစီရင်ခံစာ မြန်မာအတွက် အကျိုးမဖြစ်ကြောင်း စစ်ကောင်စီ တုံ့ပြန်

RFA Burmese
2024.10.12
ကုလလူ့အခွင့်အရေးအစီရင်ခံစာ မြန်မာအတွက် အကျိုးမဖြစ်ကြောင်း စစ်ကောင်စီ တုံ့ပြန် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့က ကုလလူ့အခွင့်အရေးကောင်စီ အစည်းအဝေးကျင်းပစဥ်။
Reuters

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) နဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရဲ့ အစီရင်ခံစာတွေဟာ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အကျိုးမပြုဘဲ နိုင်ငံတကာ အသိုင်းအဝိုင်း အကြား အထင်အမြင် လွဲမှားမှုကို ဖြစ်စေတယ်လို့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာလ ၁၂ ရက် ဒီနေ့ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၉ ရက်နေ့က ဂျီနီဗာမြို့မှာကျင်းပတဲ့ လူ့အခွင့်အရေးကောင်စီရဲ့ ၅၇ ကြိမ်မြောက် အစည်းအဝေးမှာ မြန်မာနိုင်ငံအပေါ် IIMM ရဲ့ အစီရင်ခံစာနဲ့ စက်တင်ဘာ ၂၄ ရက်နေ့က ထုတ်ပြန်တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရဲ့ အစီရင်ခံစာတွေအပေါ် စစ်ကောင်စီက အခုလို တုံ့ပြန်လိုက်တာပါ။

လူ့အခွင့်အရေးကောင်စီအနေနဲ့ မြန်မာနိုင်ငံအပေါ် ဦးတည်တဲ့ ယန္တရားများရဲ့ အစီရင်ခံစာပေါ် ၂၀၂၄ ခုနှစ်အတွင်း ဆွေးနွေးပွဲ ခြောက်ကြိမ်ပြုလုပ်ခဲ့ပြီး အဲဒီ ဆွေးနွေးပွဲတွေဟာ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အကျိုးမပြုတဲ့အပြင် ကုလသမဂ္ဂရဲ့ အချိန်နဲ့ အရင်းအမြစ်တွေကို ကုန်ခမ်းစေတယ်လို့လည်း စစ်ကောင်စီက ပြောပါတယ်။

IIMM ယန္တရား တည်ထောင်ချိန်ကစပြီး မြန်မာနိုင်ငံအနေနဲ့ အသိအမှတ်ပြု လက်ခံထားတာမရှိသလို ကောင်စီရဲ့ အစည်းအဝေးကာလအတွင်း ဆွေးနွေးခဲ့တဲ့ IIMM ရဲ့ အစီရင်ခံစာဟာ ခိုင်မာမှုမရှိတဲ့ အရင်းအမြစ်တွေအပေါ် အခြေခံထားတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရဲ့ အစီရင်ခံစာကလည်း မြန်မာနိုင်ငံအပေါ် စွပ်စွဲထားတဲ့ စွပ်စွဲချက်တွေကို စိစစ်အတည်ပြုခြင်းမရှိဘဲ စစ်ကောင်စီဘက်က ထုတ်ပြန်ချက်တွေကို ချန်လှပ်ထားတာဟာ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကြားမှာ အထင်အမြင်လွဲမှားမှုကို ဖြစ်ပေါ်စေတယ်လို့ တုံ့ပြန်ပါတယ်။

အထူးသဖြင့် မဟာမင်းကြီးရဲ့ အစီရင်ခံစာဟာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) တွေ၊ လက်နက်ကိုင်အဖွဲ့တွေနဲ့ အာရက္ခတပ်တော် (AA) တို့ရဲ့ လုပ်ရပ်တွေကို လျှော့ပေါ့ဖော်ပြထားပြီး စစ်ကောင်စီရဲ့ တုံ့ပြန်ဆောင်ရွက်မှု တွေကိုပဲ တစ်ဖက်စောင်းနင်း ဖော်ပြထားတယ်လို့ စစ်ကောင်စီက ပြောပါတယ်။

ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ဒီမိုကရေစီအရေးအတွက် မဆုတ်မနစ် ကြိုးပမ်းမှုတွေအပေါ် အသိအမှတ်ပြုချိန်တန်ပြီလို့လည်း အသိပေးထားပါတယ်။

စက်တင်ဘာ ၉ ရက်နေ့ကလုပ်တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ မြန်မာ စစ်ခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်နိုင်ရေး ပါဝင်ကူညီကြဖို့ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေကို မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) အဖွဲ့ခေါင်းဆောင် နီကိုလပ်စ်ကုမ်ဂျန် (Nicholas Koumjian) က တိုက်တွန်းထားပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၂၄ ရက်နေ့က ကျင်းပတဲ့ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ဒုတိယ မဟာမင်းကြီး နာဒါ အယ်လ် နာရှစ် က မြန်မာစစ်တပ်ဟာ နယ်မြေတွေ လက်လွှတ် ဆုံးရှုံးနေတာနဲ့အမျှ တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်တဲ့ ဒေသတွေမှာ လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီး ပစ်ခတ်မှုတွေနဲ့ ဖိနှိပ်မှုတွေ ဆက်လုပ်နေပြီး အရပ်သားပြည်သူတွေ ထိခိုက်သေကြေတာနဲ့ နေအိမ်စွန့်ခွာ ထွက်ပြေးမှုတွေ တိုးလာတယ်လို့ ဆွေးနွေးတင်ပြခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။