ကနီ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ကုလအတွင်းရေးမှူးချုပ်ထံ ဦးကျော်မိုးထွန်း တင်ပြ

စမ်းစမ်းတင်(ဝါရှင်တန်ဒီစီ)
2021.08.05

စစ်ကိုင်းတိုင်း ကနီမြို့နယ်မှာ စစ်ကောင်စီက လူတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်တဲ့အကြောင်း ကုလသမဂ္ဂ အတွင်းရေးမှုုးချုပ် Antonio Guterres ဆီ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက အင်္ဂါနေ့က အကြောင်းကြားလိုက်ပြီး စစ်ကောင်စီကို နိုင်ငံတကာက လက်နက်တင်ပို့ရောင်းချနေတာ ပိတ်ပင်ဖို့နဲ့ လူသားချင်း စာနာတဲ့အနေနဲ့ နိုင်ငံတကာက ချက်ချင်း ကြားဝင်ဆောင်ရွက်ဖို့ တိုက်တွန်းလိုက်ပါတယ်။

ကနီမြို့နယ်မှာ ဇူလိုင်လအတွင်း စစ်ကောင်စီက သတ်ဖြတ်ထားတဲ့ အလောင်း ၄၀ လောက်တွေ့ရပြီး ဘယ်နေ့လောက်မှာ ဘယ်နှဦး သတ်ဖြတ်ခံရတယ်ဆိုတာကို ရက်စွဲနဲ့ တကွ အကြောင်းကြားစာမှာ ဖော်ပြထားပါတယ်။

ဇူလိုင် ၉ ရက် ဒါမှမဟုတ် ၁၀ ရက်မှာ ကနီမြို့နယ် ယင်းရွာအရှေ့ဘက်က တောတွင်းတစ်နေရာမှာ အမျိုးသား ၁၆ ယောက် သတ်ဖြတ်ခံရတယ်လို့လည်း ရေးသားထားပါတယ်။

KMT.jpg
ကုလအတွင်းရေးမှူးချုပ်ထံ ဦးကျော်မိုးထွန်း သြဂုတ်လ ၃ ရက်နေ့က ပေးပို့ခဲ့သော အကြောင်းကြားစာ။

လက်ပြန်ကြိုးတုပ်၊ မျက်လုံးစည်းထားပြီး အားလုံးလိုလို ဒဏ်ရာဒဏ်ချက်တွေ အပြင်းအထန် ရထားတာမို့ တချို့ဆို ရုပ်ကိုတောင် မမှတ်မိတော့ဘူးလို့ ဖော်ပြထားပါတယ်။ အားလုံးက အရပ်သားတွေချည်း ဖြစ်တယ်လို့ လည်းပြောပါတယ်။

ဦးကျော်မိုးထွန်းပြောသလို သာမန်အရပ်သားတွေ အသတ်ခံရတဲ့အကြောင်း ကနီဒေသခံတယောက်ကလည်း ပြောပြပါတယ်။

"သေဆုံးသွားတဲ့သူတွေထဲမှာ ဆိုရင် ကျနော့်ဦးလေးတစ်ယောက်လည်းပါတယ်။ ကျနော့်ဦးလေးက လက်နက်ကိုင်တော်လှန်နေတဲ့သူတွေထဲမှာလည်း မပါဘူး။ ဦးလေးကဲ့သို့လူတွေလည်း အဲ့ထဲမှာ ပါပါတယ်။ တော်တော်များများက လက်နက်ကိုင်ဆောင်သူတွေ မဟုတ်ပါဘူး။ တကယ်လက်နက်ကိုင်ဆောင်သူကိုကျ သူတို့ ရှာလည်း မရှာနိုင်ဘူး။ ဖွေလည်း မဖွေနိုင်ဘူး။ သူတို့အနေနဲ့ကတော့ PDF အဖွဲ့ဆိုပြီးတော့ နောက်ပြန်ကြိုးတုပ်သတ်ထားတာတွေ တွေ့နေရတဲ့ အနေအထားတွေ တွေ့ရတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒီလုပ်ရပ်မျိုးကတော့ ရင်နာဖို့လည်း ကောင်းတယ်"

ယင်းရွာနဲ့ ကုန်းသာရွာနားက တောထဲမှာ လက်ပြန်ကြိုးတုပ်ပြီး ရိုက်နှက်ခံထားတဲ့ဒဏ်ရာတွေနဲ့ အစုလိုက်၊ အပြုံလိုက် သေဆုံးနေတဲ့ ရုပ်အလောင်းတွေ ဇူလိုင် ၁၁ ရက်နဲ့ ၁၂ ရက်မှာ ဒေသခံတွေ တွေ့ရှိတဲ့အကြောင်း RFA ကလည်း တင်ပြခဲ့ပါတယ်။

ဦးကျော်မိုးထွန်းက ကုလအတွင်းရေးမှူးချုပ်ဆီပေးပို့တဲ့ အကြောင်းကြားစာမှာ ယင်းရွာ၊ ကုန်းသာ၊ ကျောက်လှေခါးနဲ့ အုန်းမရွာက သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေ အပါအဝင် ဒေသခံ တစ်သောင်းလောက် ထွက်ပြေးရတယ်လို့ ဖော်ပြပါတယ်။

acaa18a8-0f25-40d6-8c26-f162ddef676e.jpeg
ကနီမြို့နယ်က စစ်ရှောင် ရွာသားတွေကို ဇူလိုင်လ ၁၂ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)

ဇီးပင်တွင်းနဲ့ ညောင်ပင်သာရွာတွေမှာ ကနီ PDF ဒေသပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဇူလိုင် ၂၆ ရက်က တိုက်ပွဲဖြစ်ပွားချိန်မှာ PDF ၆ ယောက်သေဆုံး ဒါမှမဟုတ် ပျောက်ဆုံးတယ်လို့ မုံရွာ PDF က ပြောတယ်လို့လည်း ဖော်ပြပါတယ်။ နောက်ရက်တွေမှာ ဇီးပင်တွင်းရွာနားမှာ အလောင်း ၁၃ လောင်း တွေ့ရပြီး စုံတွဲတစ်တွဲကလွဲလို့ ကျန်အလောင်းတွေက ဘယ်သူဘယ်ဝါမှန်း ဒေသခံတွေက ခန့်မှန်းလို့ မရတော့ဘူးလို့ ပြောပါတယ်။

အဲဒီအလောင်းတွေ တွေ့တဲ့နေရာနားကနေ ဒေသခံတယောက် ပြောပြတာကတော့ ....

"အခုသေဆုံးသွားတာက ငါးလောင်းပဲ ထားလိုက်ပါတော့။ အသက် ၆ဝအရွယ် တစ်ယောက်နဲ့ဆို ငါးလောင်း။ ဒီလိုမြှုပ်ထားတဲ့နေရာတွေက နောက်ထပ် ငါးနေရာ ရှိသေးတယ်။ အဲ့နေရာတွေကိုလည်း မဖော်ရဲသေးဘူး။ မဖော်ရဲဘူးဆိုတာက သူတို့က မိုင်းတွေထောင်ထားခဲ့တယ်ပေါ့နော်။ ဘယ်ရွာက ဘယ်သူဆိုတာတော့ အတိအကျစာရင်းတော့မရဘူးပေါ့။ အဲ့ဒါတွေ ဖော်ထုတ်နိုင်မှသာ သေစာရင်းက အတိအကျရမှာ"

ဦးကျော်မိုးထွန်း ရေးသားတဲ့ စာမှာ ဇူလိုင် ၂၈ ရက်မနက် ၉ နာရီနဲ့ ၁၀ နာရီလောက်အတွင်း ကြက်ချောင်းတောတိုက် ရွာထဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်လာပြီး လယ်သမား ကိုအောင်ကျော်မြင့်အိမ်ကို သွားပါတယ်။ အိမ်ရှင်နဲ့ အသက် ၁၄ နှစ်ရွယ် ကလေးတစ်ယောက် အပါအဝင် လူ ၁၁ ယောက်ကို ဖမ်းဆီးတဲ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အိမ်ကို မီးရှို့ပါတယ်။ ဆိုက်ကယ်နှစ်စီး မီးလောင်ပြီး လူ ၁၁ ယောက် အစုလိုက်အပြုံလိုက် အသတ်ခံရတယ်လို့ ဖော်ပြပါတယ်။

kannni.jpg
ကနီမြို့နယ် ဇီးပင်တွင်းကျေးရွာက ဒေသခံရွာသားတချို့ကို ဇူလိုင်လလယ်ပိုင်းက တွေ့ရစဉ်။ (Photo: CJ)

ဒီဖြစ်ရပ်တွေဟာ လူသားအဖြစ်ရပ်တည်လို့မရအောင် စစ်ကောင်စီက crime against humanity လူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်တာ သိသာ ထင်ရှားလှပါတယ်လို့ ဦးကျော်မိုးထွန်းက ပြောပါတယ်။

ကပ်ရောဂါဖြစ်နေတဲ့ကြားက စစ်အာဏာသိမ်းတာ ခြောက်လရှိပြီး စစ်တပ်ကအကြမ်းဖက် နေတာတွေကို နိုင်ငံတဝန်းက ပြည်သူတွေခံစားနေရတဲ့အကြောင်း၊ ရက်စက်၊ သတ်ဖြတ်၊ ဖမ်းဆီးနေတာတွေ ရပ်တန့်သွားမှာ မဟုတ်တဲ့အကြောင်း ဒါကြောင့် အချိန်အလွန်အမင်းမနှောင်းခင် နိုင်ငံတကာက လူသားချင်း စာနာရေးအတွက် ချက်ချင်း ကြားဝင်ဆောင်ရွက်ဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။