စာတတ်မြောက်ရေးနေ့ အခမ်းအနား လွိုင်ကော်မြို့မှာ ကျင်းပ
2013.09.08
ဒီနေ့ကျရောက်တဲ့ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အခမ်းအနားကို ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ မြို့တော်ခန်းမမှာ ဒီနေ့မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။
အခုလို နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အခမ်းအနားကျင်းပရတဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး ကယားပြည်နယ်၊ ပညာရေးဝန်ကြီးဌာန ဦးစီးအရာရှိ ဦးဌေးလှိုင်က RFA ကို အခုလိုပြောပါတယ်။
"အဓိကကတေ့ာ ကျနော်တို့ ကုလသမဂ္ဂက သတ်မှတ်ပေးတဲ့ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ကို ကျင်းပတာပါ၊ ကျနော်တို့အနေနဲ့ တကယ်ကို ပညာလည်း လူတိုင်းတတ်စေချင်တယ်၊ စာတတ် စာဖတ်ပြီးမှ အသိဉာဏ်မြင့်မားတဲ့ လူငယ်လူရွယ်အပါအဝင် အားလုံးပေါ့နော်၊ စာတတ်စာဖတ်တဲ့သူ ထုနဲ့ထည်နဲ့ ပေါ်ထွန်းစေချင်တဲ့ဆန္ဒရှိပါတယ်"
ဒီနေ့အခမ်းအနားမှာ ကယားပြည်နယ်အတွင်းမှာရှိတဲ့ အခြေခံပညာရေးကျောင်းတွေမှာ တက်ရောက်ပညာသင်ကြားနေတဲ့ ကျောင်းသားကျောင်းသူတွေရဲ့ လှုပ်ရှားမှုဓာတ်ပုံတွေကို ခင်းကျင်းပြသခဲ့ပါတယ်။
ဒါ့အပြင် တက်ရောက်လာကြသူတွေကို ကျောင်းသားကျောင်းသူတွေ က ကျောင်းအလိုက် ဖျော်ဖြေရေးအစီအစဉ်တွေ တင်ဆက်ခဲ့ပါတယ်။